Part (7)

254 4 0
                                    

"Bad Liar"

အပိုင်း (၇)

ရိုးရာ ဖုန်းကို ချပစ်လိုက်သည်။ ဒယ်ဒီ့အတွင်းရေးမှူးမလေး တစ်ခုခု ဖြစ်သည့် ကိစ္စည်သည် သူ့အတွက် အရေးမကြီး။

ရိုးရာသည် နိုးလာခိုက်မို့ ပြန်မအိပ်ခင် အပေါ့သွားဖို့ Toilet ဆီသို့ ထွက်လာခဲ့သည်။ အချိန်မှာ ည ဆယ့်တစ်နာရီကို ရောက်နေပြီဖြစ်၏။ ရှူးပေါက်သံမှအပ ရိုးရာ၏ ဘေးပတ်ဝန်းကျင်မှာလည်း တိုက်ဆိတ်ငြိမ်သက်လှသည်။

"မင့်ဒယ်ဒီ့ကို အကူအညီတောင်းနေရင်းကပဲ သူ့ဆီက တစ်ခုခု ပြုတ်ကျသံကြားပြီး ဘာမှ ပြောမလာတော့ဘူး သားရယ်။ သူ တစ်ခုခု ဖြစ်နေတာ သေချာတယ်။ မာမီတို့ ဖုန်းကို ချလိုက်ပြီး ပြန်ခေါ်တော့လည်း သူ မကိုင်တော့ဘူး"

ရိုးရာသည် မာမီ့စကားများကို ပြန်တွေးမိလာ၏။ မာမီသည် လူတိုင်းကို သနားညှာတာတတ်သူပီပီ အလိမ်ခံရပေါင်းလည်း များလှပြီ။ နောက်ပြီး ထိုအတွင်းရေးမှူးမလေးသည် တစ်ကောင်ကြွက်၊ တစ်မျက်နှာပင် ဖြစ်သည်ဆိုဦးတော့ သူ့မှာ အကူအညီတောင်းစရာ ရုံးက အသိတွေ အများကြီး ရှိလိမ့်မည်။ ဘာကြောင့်များ သူသည် ဒယ်ဒီ့ကိုမှ ရွေးပြီး ဆက်သွယ်ရသည်မသိ။

ရိုးရာသည် မာယာများပြီး ပေါ်ကျော့နေထိုင်တတ်သည့် မိန်းမပေါင်းစွာနှင့် ရင်းနှီးနေထိုင်ဖူးသူပီပီ သံသယစိတ်သည် ရုတ်ချည်း ဝင်လာ၏။ တစ်ယောက်တည်းနေသည့် ဝန်ထမ်းမိန်းမငယ်လေး တစ်ယောက်သည် ဒီလိုညကြီး အချိန်မတော် သူဌေးတစ်ယောက်ဆီကို ဖုန်းဆက် အကူအညီတောင်းသည့် ကိစ္စမှာ ရိုးရှင်းလွယ်ကူတာမျိုးမဟုတ်ဟု သူ စွဲစွဲမြဲမြဲ ယုံကြည်လာသည်။

ထိုစိတ်ဖြင့်ပင် ရိုးရာသည် သူမဆီ သွားချင်စိတ်များ ပြင်းပြလာ၏။ ထို့ကြောင့် ဗီဒိုထဲမှ မိုးပြာရောင်ဆွယ်တာတစ်ထည်ကို အလျင်စလို ထုတ်ယူကာ ခေါင်းမှ စွပ်ချလိုက်သည်။ ခေါင်းအုံးဘေးတွင် ပစ်ချထားသည့် ကားသော့ကို ဆွဲယူပြီးနောက် အိမ်ယာခန်းသော့များထားရာ ဒယ်ဒီတို့အခန်းဆီ ခြေလှမ်းကြဲကြဲဖြင့် လျှောက်လာခဲ့လိုက်သည်။

"အခန်းနံပါတ်က..."

အခန်းနံပါတ်တွေပါသည့် အဖြူရောင်ကဒ်များတွဲလျက် သော့ချောင်းများထဲမှ မာမီပြောသည့် အခန်းနံပါတ်ကို သူ အလျင်အမြန်ပင် ရှာလိုက်သည်။ အိမ်ယာက သုံးထပ်အဆောက်အဦးသာဖြစ်ပြီး တစ်ထပ်မှ မိသားစုနေထိုင်နိုင်သည့် အခန်းကျယ်ကြီး လေးခန်းသာပါ၍ သော့ကို ရှာရသည်မှာ သိပ်တော့ အခက်အခဲ မရှိ။

"Bad Liar" (Completed)Where stories live. Discover now