Part (13)

230 3 0
                                    

"Bad Liar"

အပိုင်း (၁၃)

"သူ လက်မခံတာကို သား သိပြီးသား မာမီ"

သားပုံစံက တည်ငြိမ်လွန်းနေ၍ ဝေ့မှာ ထပ်ဆင့် အံ့ဩရပြန်၏။ သားသာ ကောင်မလေးဘက်က ငြင်းလိုက်တာကို သိသွားလျင် အကြီးအကျယ် စိတ်ပျက်သွားလိမ့်မည်ဟု ဝေ ထင်ခဲ့မိသည်။ အခုတော့ သားမှာ စိတ်ပျက်သွားသည့်အပြုအမူ နည်းနည်းလေးမှ မရှိ။ ဒီတစ်ခါလည်း ဝေ့ ထင်မြင်ချက်တွေ မှားပြန်ပြီ။

"ကောင်မလေးက နည်းနည်းတော့ ရင့်တယ်နော် သား။ သားလိုလူက သဘောကျတာကိုတောင် သူက ငြင်းရဲတာ။ သားက သဘောကျနေလို့သာ။ မာမီ့သဘောသာဆို သားကို သူ့ထက်သာတာ အများကြီး ရှာပေးလို့ရတယ်"

ဝေကတော့ သားဇောနှင့် ပြောလိုက်မိပြီ။ သားအတွက် ဘယ်လိုမိန်းမမျိုးကိုမှ ချွေးမတော်နိုင်မည်ဟု အထူးတလည် မကန့်သတ်ထားပေသည့် ကိုယ့်သားကို ငြင်းသည့် မိန်းကလေးကိုတော့ အမြင်မကြည် ဖြစ်ရ၏။ သားကိုယ်တိုင်က ပြည့်စုံသည်။ သားရဲ့အသိုင်းအဝိုင်းက သူမကို မရွေးလျင်တောင် သားဆီက ရွေးချယ်ခံရရုံနှင့် သူမ၏ ဘဝသည် အရာရာ မြင့်မားသွားမည်ဖြစ်၏။ ဒါကို မိန်းကလေးတိုင်း မသိ‌သေးသော်လည်း သား၏ ပိုင်ဆိုင်မှုထဲကတစ်ခုတွင် အလုပ် လုပ်နေသည့် သူမက‌တော့ ကောင်းကောင်း သိထားပေလိမ့်မည်။ ဒါကိုတောင် သူမက သားကို ငြင်း၏။ သူက ဘာမို့လို့တဲ့လဲ။

"တော်တော့ မာမီ။ ဖြစ်နိုင်ရင် သားကိစ္စတွေကို သားက အကူအညီတောင်းတာမျိုး မဟုတ်ဘူးဆိုရင် ဘယ်လိုဆင်ခြေမျိုးနဲ့ပဲဖြစ်ဖြစ် ဝင်မစွက်ဖက်ပါနဲ့။ သားက မာမီတို့အမြင်မှာ အထင်ကြီးစရာကောင်းလောက်အောင် တော်နေထက်နေတာမျိုး မဟုတ်ပေမဲ့ သားကို ယုံစေချင်တယ်။ သားကိစ္စတွေမှာ မာမီ့စေတနာအလျောက် ဝင်ရောက်ကူညီတာမျိုး မလုပ်တာဟာ သားကို ပိုပြီးတော့မှ ကူညီရာရောက်တယ်။ ဒါက မာမီနဲ့ သားကြားမှာ မာမီ့ဘက်က စောင့်ထိန်းရမယ့် အရေးကြီးဆုံး စည်းးကမ်းပဲ"

သားပုံစံက ရင့်သီးပြတ်သားလွန်းလှသည်။ ဘာမှမဟုတ်သည့် မိန်းမတစ်ယောက်အတွက် မိခင်ဖြစ်သူကိုတောင် စည်းမျည်းတွေ သတ်မှတ်ကန့်သတ်နေတာကိုတွေ့တော့ တစ်ဖက်မိန်းကလေးကို မနာလို ဖြစ်ရ၏။ သို့သော် သားက လိုက်နာရမည်ဟု သတ်မှတ်ထားလျင် ချိုးဖျက်လို့ မဖြစ်မှန်းကိုတော့ ဝေ ကောင်းကောင်း သိသည်။

"Bad Liar" (Completed)Where stories live. Discover now