Part (8)

252 5 0
                                    

"Bad Liar"

အပိုင်း (၈)

တောင်းဆု ခွဲခန်းက ထွက်လာတော့ နိုးတစ်ဝက်၊ အိပ်တစ်ဝက်လို ပုံစံမျိုးဖြင့် အရာရာကို သိသလိုလို၊ မသိသလိုလို ဖြစ်နေတာကလွဲရင် အားလုံး ပုံမှန်ပင် ဖြစ်သည်။ ဝန်ထမ်းတွေက တောင်းဆုကို Trolley ပေါ်မှတစ်ဆင့် ခုတင်ပေါ်သို့ ပြောင်းရွှေ့တင်နေကြသည်ကိုလည်း တောင်းဆု သိနေ၏။ သို့သော် သူတို့၏ ထိတွေ့ကိုင်တွယ်မှုတိုင်းကိုတော့ တောင်းဆု သိသိသာသာ မခံစားမိ။ အထူးသဖြင့် ခွဲစိတ်ထားသည့်တိုင် နာသည်ဆိုသည့် ခံစားမှုမျိုးကို တောင်းဆု ထင်ထင်ရှားရှား မခံစားရမိဘဲ ဖြစ်နေသည်။

ပုံမှန်အသိစိတ်ဖြင့် ခွဲစိတ်ခန်းမှာ နေခဲ့ရသည့် အချိန်တွေကို တောင်းဆု ပြန်တွေးကြည့်သည်။ တောင်းဆု အဆောင်မှာတုန်းက ဖုန်းပြောနေရင်း တင်းခံထားသည့်ကြားမှ မျက်လုံးတွေ ပြာလာပြီး စာကြည့်စားပွဲပေါ် မှောက်ချလိုက်ပြီးနောက် အရာအားလုံး မှောင်မိုက်သွားသည်ကို မှတ်မိသည်။ ထို့နောက် သူမ ပြန်နိုးလာချိန်တွင်‌ ရေခဲတိုက်လို အေးစက်ပြီး သန့်ရှင်းပြောင်လက်နေသည့် အခန်းထဲတွင် ဝတ်ရုံစိမ်းကိုယ်စီနှင့် အစိမ်းရောင် Maskကို ကိုယ်စီတပ်ကာ အစိမ်းရောင် Cap တွေ ဆောင်းထားသည့် လူတစ်စုကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူမ ဆေးရုံ ရောက်နေကြောင်းကို တောင်းဆု သိလိုက်ရ၏။ ထို့နောက် လှုပ်ရှားသမျှတွေကို သူမ ကြားနေတွေ့နေရသည်။ တစ်ယောက်က သွေးပေါင်ချိန်ကို သိပ်စိတ်မချဟုဆိုသော်လည်း နောက်တစ်ယောက်က စိုးရိမ်စရာ မရှိနိုင်ဟုထင်ကြောင်း ပြောဆိုကြသံတွေ၊ လက်နှစ်ဖက်စလုံးကို အပ်စိုက်ထားပြီး ထိုအပ်တွေမှတစ်ဆင့် တောင်းဆု ခန္ဓာကိုယ်ထဲသို့ ဆေးစက်တွေ စီးဝင်နေတာတွေ၊ မေးဆေးစရာ ခေါ်သံတွေ၊ တောင်းဆုကို ကလေးပုစိကွေးလေးလို ခါးလေးကို ပုဆစ်တုပ် ကွေးစေပုံတွေကို တောင်းဆု အရာအားလုံး ကြားခဲ့၊ သိခဲ့သည်။ ထို့နောက် တောင်းဆုကို ပက်လက် ပြန်အိပ်စေပြီး "ဆရာ ထိနေတာကို သိရဲ့လား" ဟု မေးသံ၏ အဆုံးတွင်တော့ ဆရာဝန်သည် သူမခန္ဓာကိုယ်၏ ဘယ်နေရာကို ထိနေမှန်း မသိတော့သည်အထိ။ ထို့နောက် တောင်းဆု၏ မျက်နှာကို အစဖြူဖြင့် ဖုံးလွှမ်းလိုက်ကြသည်။ နောက်တော့ သူမ၏ ဗိုက်ကို တစ်ကျွီကျွီ လှီးဖြတ်နေသံများကိုပင် တောင်းဆု ကြားနေရသည် ထင်၏။

"Bad Liar" (Completed)Where stories live. Discover now