Part (30)

281 1 0
                                    

"Bad Liar"

အပိုင်း (၃၀)

"အယ်လ်ကိုဟောနဲ့ ဓာတ်မတည့်ဘူး ဟုတ်လား"

"ဟုတ်ပါတယ် မဇွန်ပွင့်ဖြူ။ ဆေးမှတ်တမ်းတွေမှာတော့ အဲဒီလို ဖော်ပြထားတာ တွေ့ပါတယ်"

"နေပါဦး။ အယ်လ်ကိုဟောနဲ့ ဓာတ်မတည့်ဘူးဆိုတာက အဆိုးဆုံး ဘယ်လို အခြေအနေထိ ဖြစ်လာနိုင်လဲ"

"ဟို အကြာကြီး ရှူမိရင် အသက်ရှူကြပ်ပြီး သေသွားနိုင်ပါတယ်"

"အဟက် သေတောင် သေနိုင်တာပေါ့လေ ဟုတ်လား"

"မ မဇွန်ပွင့်ဖြူ ဘာလုပ်မလို့လဲဟင်... တူ တူ တူ"

တစ်ဖက်မှ ဖုန်းချသွားခဲ့ပြီ။ သူနာပြု တစ်ယောက်အနေနှင့် ဂျူးရင့်ရဲ့ လုပ်ရပ်တွေ မှားနေမှန်းကို ဂျူးရင့် သိပါသည်။ သူနာပြုသစ္စာအဓိဋာန်ကို နေ့စဥ် ရွတ်ဆိုခဲ့ဖူးသူတစ်ယောက်အနေနှင့် လူနာ၏ ကိုယ်ရေးအချက်အလက်များကို ပြောဆိုခြင်းသည် ကြီးမားသော အပြစ်တစ်ခု ဖြစ်၏။ ဒီ့အတွက်လည်း ဂျူးရင့်မှာ နေ့နေ့ညည တွေးတော ပူပန်နေရသည်။

"ငါ ဒီလိုလုပ်နေတာတွေကို ဘယ်သူမှ မသိဘူးဆို‌ပေမဲ့ ငါ့စိတ်က ချောက်လှန့်နေတာနဲ့တင် ငါ သေသွားလိမ့်မယ်"

ဂျူးရင့် တုန်တုန်ရီရီနှင့် တစ်ယောက်တည်း ဆောက်တည်ရာမရ ထိတ်လန့်နေရမည့် ရက်စွဲတွေကို တွေးပြီး ကြောက်လာ၏။ ဂျူးရင့်က မိန်းမကောင်းတစ်ယောက် မဟုတ်ဘူးဆိုပေသည့် သူတစ်ပါး ဒုက္ခရောက်အောင် မယုတ်မာခဲ့ဖူးတာတော့ သေချာသည်။ ဂျူးရင့်ကြောင့် ပျက်စီးခဲ့ဖူးသူမှာ အမှန်တကယ်ပင် ဂျူးရင့် တစ်ယောက်တည်း ဖြစ်ပေလိမ့်မည်။

ဒီကိစ္စကို ဂျူးရင့် ဘယ်လို ဖြေရှင်းရမှန်း မသိ။ ဇွန်ပွင့်ဖြူက ဒီကိစ္စမှာ သူနှင့် မပူးပေါင်းလျင် သူမနှင့် မင်းရိုးရာရဲ့အကြောင်းတွေကို ဖွင့်ချမည်ဟု ခြိမ်းခြောက်သည်။ ဇွန်ပွင့်ဖြူက ကောက်ကျစ်ရဖို့အတွက်ဆို ရှာဖွေစုံစမ်းနိုင်စွမ်း တကယ်ပင် မြင့်မားလွန်းလှ၏။ မင်းရိုးရာနှင့် ဂျူးရင့်နွေတို့ ပတ်သက်မှုကို ဂျူးရင့်ထက် သူကပင် ပိုသိနေသလို။

"ဒါတွေကို ဖွင့်ချလိုက်တော့ရော ဂျူးရင့်မှာ ထပ်ပြီး ဆုံးရှုံးစရာ ဘာရှိသေးလို့လဲ။ ဂုဏ်သိက္ခာလား။ အရှက်လား။ အဟက် ဂျူးရင့်ရဲ့ ဂုဏ်သိက္ခာတို့၊ အရှက်တို့ဆိုတာက လူတွေရဲ့ ပါးစပ်ဖျားမှာ ပျောက်ပျက် ပျက်စီးသွားတာဖြင့် ကြာလှပြီဟာ။ ဂျူးရင့်က ဘာကို ထပ်ကြောက်နေရဦးမှာလဲ"

"Bad Liar" (Completed)Where stories live. Discover now