Part (20)

219 3 0
                                    

"Bad Liar"

အပိုင်း (၂၀)

တောင်းဆု အိမ်တွင်းပုန်းလုပ်နေခဲ့သည်မှာ ကြာပြီ။ အသိတွေနှင့် ပြန်မဆုံချင်တာကတစ်ကြောင်းနှင့် ကိုယ်ကိုယ်တိုင်က လူတောထဲ မသွားချင်တာကြောင့်လည်း ပါ၏။ ဒီနေ့တော့ စိတ်ထဲမှာ အချဉ်တွေနှင့် အသီးအနှံတွေကို မက်မက်စက်စက် တောင်းတနေမိ၍ စျေးသွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် ခြင်းကလေးဆွဲပြီး Mask ကို ကောက်တပ်ကာ ထွက်လာခဲ့လိုက်သည်။

စျေးက တစ်လမ်းကျော်ကလေးတွင်မို့ သဘာဝအလှကို ခံစားရင်း အေးအေးလူလူ သွားချင်သည်နှင့် လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။
ရာသီဥတုကတော့ မနက်စောစောမို့ ခပ်စိမ့်စိမ့်လေး အေးနေသေးသည်။

လမ်းလေးနည်းနည်းလျှောက်လိုက်မိမှာပဲ လူက လန်းဆန်းလာသလို ခံစားရ၏။ ဒီရက်ပိုင်းတွေမှ လူက အမြဲအီနေပြီး အိပ်ယာထဲမှာပဲ အမြဲ ဇိမ်ခံချင်နေမိသည်။ အစားကောင်းအသောက်ကောင်းတွေနှင့် အချွေအရံဟင်းတွ အများကြီး ချက်မစားဖြစ်ခဲ့တာတောင်မှ ဗိုက်ကလည်း ပူလာနေသေးသည်။ အစားလေးလျှော့ပြီး ဝိတ်ချဖို့ တွေးတော့လည်း ဗိုက်က စားပြီးတာတောင် ဆာနေသေးတော့ ခက်၏။

ကိုယ်လုံးလေးကသေးပြီး ဗိုက်ကပူနေတော့ ပုံမှန်လို ပေါ့ပေါ့ပါးပါး ကိုယ်ကျပ်စွပ်ကျယ်လေးတွေနှင့် ထဘီကို အလွယ်တကူ တွဲဝတ်လို့ မဖြစ်တော့။ ပွပွရောင်း‌ရောင်းနှင့် ပါးပါးလျလျ ရှိသည့် အင်္ကျီလေးတွေကိုသာ ဝတ်ဆင်ရတော့ ကိုယ်လုံးသိမ်သိမ်လေးက သိပ်မပေါ်ချင်တော့။

"ကျွီ....အား"

အတွေးအမျှင်အတန်းတွေနှင့်အတူ တရွေ့ရွေ့လျှောက်လှမ်းနေမိစဥ် အရှိန်ပြင်းပြင်းနှင့် ဘေးကနေ ဖြတ်မောင်းသွားသော ပြိုင်ကားကြောင့် တောင်းဆု လန့်ပြီး ဘေးသို့ တိုးကပ်လိုက်စဥ် ခြေလျှော်ပြီး လဲကျမလို ဖြစ်သွား၏။ တစ်ယောက်ယောက်က လှမ်းဖမ်းထားလိုက်၍ တော်သေးသည်။

"အဆင်ပြေရဲ့လား။ ဘာဖြစ်သွားသေးလား"

ထိတ်လန့်မှုကြောင့် တဒုတ်ဒုတ်ခုန်နေသော ရင်ဘတ်ကို လက်နှင့်အသာလေးဖိပြီး အသက်ကို ရှူသွင်းရှူထုတ် လုပ်နေစဥ် ကြားလိုက်ရသည့် ရင်းနှီးလွန်းလှသောအသံကြောင့် အနောက်မှာ ရပ်နေသူကို ဖျတ်ကနဲ လှည့်ကြည့်လိုက်မိ၏။

"Bad Liar" (Completed)Where stories live. Discover now