"Bad Liar"
အပိုင်း (၂၂)
မောင်က ပွင့်ဖြူကို လက်ထပ်မည်တဲ့။ မာမီပြောတာ မှန်သည်။ ကိုယ် စိုးရိမ်နေခဲ့သော ပြဿနာများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်သာ အမှန်တကယ် ဖြစ်လာကြသည်ဟူသော မာမီ့စကား မှန်၏။ အခုတော့ ပွင့်ဖြူ စိုးရိမ်နေသလို မောင်က ပွင့်ဖြူကို ရွံချာမုန်းတီးပြီး စွန့်လွှတ်သွားတာမျိုး မရှိဘဲ ထားခဲ့သည့် ကတိတွေအတိုင်း နောက်အပတ်ဆိုလျင်ပဲ ပွင့်ဖြူတို့ လက်ထပ်ကြတော့မည်။
"မ ဘက်ကအမျိုးတွေကို မကျန်စေနဲ့နော်။ ဖိတ်စာမဖိတ်ခင် သေချာပြန်စဥ်းစားဦး။ မရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကိုရောပေါ့"
"ဟယ် ဟုတ်သားပဲ။ မောင် ပြောမှ သတိရတယ် မောင်ရာ။ စင်ကာပူက သူငယ်ချင်းတွေကိုပါ သူတို့ လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ ဖိတ်စာတော့ ပို့ဦးမှ"
"အွန်း ပို့လေ။ မ အဆင်မပြေရင် မောင့်ကို လိပ်စာပဲ ပေးလိုက်။ ဟိုမှာ မာမီတို့မိတ်ဆွေတွေ အများကြီးပဲ။ သူတို့ကိုဖိတ်ရင်း မောင် တစ်ခါတည်း ပို့လိုက်မယ်လေ"
"အင်း အဲလိုလည်း ကောင်းသားပဲ မောင်ရဲ့။ နေပါဦး ဘယ်သူတွေ ကျန်သေးလဲ"
ဇွန်ပွင့်ဖြူသည် အပျော်တွေထဲမှာ နစ်မြုပ်ခံစားရင်း ပင်ပန်းနေသည်ကိုပင် သတိမရနိုင်သည်အထိ မင်္လာပွဲနှင့်ဆိုင်သည့် ကိစ္စအဝဝကို သူကိုယ်တိုင်ပင် မနားနနေ စီစဥ်နေ၏။
"မောင် ဘာကြည့်နေတာလဲ"
ဖိတ်စာဖိတ်ဖို့အတွက် လူမကျန်ရလေအောင် လေးလေးနက်နက် စဥ်းစားနေသည့် ဇွန်ပွင့်ဖြူကို မင်းရိုးရာတစ်ယောက် ဘေးမှာထိုင်ပြီး မမှိတ်မသုန် ငေးကြည့်နေသည်ကိုတွေ့ပြီး ရှက်စနိုးဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"မောင့်ကောင်မလေး ပင်ပန်းနေပါပြီ"
ရိုးရာက ပွင့်ဖြူ၏ နှဖူးထက်များဆီမှာ ခပ်စို့စို့ ချွေးစက်များကို လက်ဖမိုးနှင့် တယုတယ သုတ်ပေးရင်း ကရုဏသက်စွာ ဆိုသည်။
"မပင်ပန်းပါဘူး မောင်ရယ်။ မ ကတော့ ပျော်နေတာပဲ သိတယ်"
ပွင့်ဖြူက ဖိတ်စာတွေအတွက် အလုပ်မပျက် ဆက်လုပ်နေရင်းကပင် ရိုးရာကို ကြည်နူးစွာ ပြုံးငဲ့ကြည့်ရင်း ဆိုသည်။