အပိုင်း (၃၉၂)
ဒါက အိပ်ခန်းတံခါးကို ဖြတ်ပြီး မဝင်ရသေးတဲ့ ကောင်မလေးပဲ
ရှောင်းယီက သူမကို စူးစူးနင့်နင့် ကြည့်လိုက်သည်။
အတန်ကြာပြီးတော့မှ သူမ၏နှာခေါင်းထိပ်လေးကို တို့ဆိတ်လိုက်ပြီး အသံမှာ ပြုံးဟန်စွက်၍ "ဘယ်သူ့ ရှာလကာရည်အိုး မှောက်နေတာလဲ၊ ငါအနံ့ရတယ်၊ တကယ်ကို ချဉ်စူးနေတာပဲ"
နန်းပေါင်ရီက ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် အဝေးကိုငေးလိုက်သည်။
"မိန်းကလေးတွေ အများကြီး ငါ့ကို ပန်းပွင့်တွေ၊ အမွှေးနံ့သာအိတ်တွေ ပစ်ပေးကြတယ်၊ အားလုံးထဲမှာ ခေါင်ရန်းပန်း တစ်ပွင့်ကို တွေ့လိုက်တယ်၊ အဲဒါကြောင့် လက်ကိုဆန့်ပြီး ဖမ်းလိုက်တာ"
ရှောင်းယီက သူမ၏နှာခေါင်း ထိပ်လေးကို ဖျစ်လိုက်ကာ "ငါ့အိပ်ခန်း တံခါးကို မဖြတ်လာရသေးတဲ့ ကောင်မလေး အကြောင်းကို တွေးမိသွားတာပါ၊ ငါက ကျင်းကွမ်မြို့က ခေါင်ရန်းပန်းလေးကို အကြိုက်ဆုံးပဲ၊ အဲဒါကြောင့် ခေါင်ရန်းပန်းကို တွေ့မိတော့ သူ့ကို စဉ်းစားမိ လိုက်တာနဲ့.... ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မလဲ"
နန်းပေါင်ရီက သူ့ကိုထပ်ပြီး ပြဿနာ မရှာရဲတော့ပေ။
မိန်းကလေး တစ်ယောက်အနေနှင့် တစ်ခါတလေမှာ သူမလည်း သဝန်တိုချင် သေးသည်လေ။ အခု သူ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့် အခါမှာတော့ သူမက သူ့ကိုထပ်ပြီး အပြစ်မတင်နိုင်တော့။
သူမ၏ နှလုံးသားလေးက အလွန် ချိုမြိန်နေပြီး ရှောင်းယီကို ထပ်တစ်ခေါက် ကြည့်လိုက်သည်။
သူက ဒီည တကယ်ကြီး ဝတ်စားပြင်ဆင် လာခဲ့တာပဲ.....
သူဝတ်ထားသည်က ရှားပါးအဖိုးတန်လှသည့် ကြက်သွေးရောင် တောက်တောက် လည်ဝိုင်း ဝတ်စုံဖြစ်ပြီး ကော်လာမှာ သန့်စင်ပြီး အဖြူရောင် လက်နေသော ဆီးနှင်းခဲလို ငွေရောင် ပုံဖော်ထားသော ဝတ်ရုံကြီးက တင့်တယ်လှသည်။
သူ့ခါးတစ်ဝိုက်မှာတော့ သားရေခါးပတ်ကို ဝတ်ဆင်ထားပြီး ဆံစထက်မှာတော့ ရွှေသရဖူကို ဆင်ယင်ထားကာ နဖူးပေါ်သို့ ဆံစအနည်းငယ်က ဝဲကျနေလေသည်။ ပြုံးယောင် သန်းနေသော မျက်ဝန်းများနှင့် ရွှေလိုကျောက်စိမ်းလို အဆင်းသဏ္ဌာန်မှာ သူက အလွန် ချောမောကြည့်ကောင်းပြီး တင့်တယ်လွန်းတဲ့ သခင်လေး တစ်ယောက်ပင်......