အပိုင်း (၃၉၇)
ငါတို့ကျောင်းကျောင်းက အရမ်းချစ်ဖို့ကောင်းတာပဲ
"အဓိပ္ပါယ်မရှိတာတွေ"
မောင်းမကျန်းက အော်ဟစ်လိုက်ပြီး လက်များကို ဒူးထက်မှာ တင်ထားပေမယ့် ပြင်းထန်စွာ တုန်လှုပ် နေလေသည်။ သူမ၏သားက ဘယ်လောက်တောင် သူတော်ကောင်းတရား ရှိလဲဆိုတာကို သူမသိသည်။
သူမက ဘုရင်မင်းမြတ်ဆီသို့ လှည့်၍ နူးညံ့စွာဖြင့် "ဘုရင်မင်းမြတ်၊ မင်းသမီးပေါင်ရီက နန်းတော်ထဲကို ပထမဆုံး အကြိမ်အဖြစ် ဝင်လာပြီး အဆင့်အတန်းက နိမ့်ကျလွန်းတယ်၊ ကျွန်မတို့ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းအောင် သွားပုပ်လေလွင့် စကားကို လှလှပပလေး လက်နဲ့ ရေးနေတာ၊ တကယ်ပဲ မုန်းဖို့ကောင်း လွန်းတယ်၊ အမှန်တရားအတွက် ဒီမိန်းကလေးရဲ့ ဘွဲ့ထူးကို ပြန်ရုပ်သိမ်းပြီး မိသားစု စည်းစိမ်ချမ်းသာ တွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူပါ"
"ဒါက ......"
ဘုရင်အိုကြီးက အလွန်စိတ်ပျက် သွားလေတော့သည်။ လူတိုင်းက သေရည်သောက်စားရင်း စကား ကောင်းကောင်း ပြောကြရမဲ့ နန်းတွင်း မီးပုံးပွဲတော်ကို သူတကယ် ဆင်နွဲချင်ခဲ့တာ ဖြစ်သည်။ ဒီမိန်းမများက စကားများ ငြင်းခုန်ကြပြီး အမြဲတမ်း သူ့ကို ခေါင်းကိုက်အောင် လုပ်တတ်ကြတာပဲ။
မောင်းမကျန်းက သူ့ကိုကြည့်နေသည်။ ရှောင်းယီကလည်း သူ့ကို ကြည့်နေသည်ပင်။
မောင်းမတော်များနှင့့်် မင်းသမီး မင်းသားတွေဆိုတာက နောက်ခံကောင်းတွေ ဖြစ်ကြပြီး ဘယ်သူ့ကိုပဲ မျက်နှာသာပေးပေး မျှတမည်မဟုတ်။
သူက နဖူးကို အမြန် ပွတ်သပ်လိုက်ပြီး ခံစားချက် အပြင်းအထန်ဖြင့် "ငါကိုယ်တော်က အသက်ကြီးရင့် နေပြီ၊ နားတွေလည်း မကောင်းတော့ပါဘူး၊ မောင်းမတော် ပြောတဲ့စကားကို ကိုယ်တော် တကယ် မကြားရဘူး"
မောင်းမကျန်းက ဆွံ့အ သွားရလေသည်။
သေချင်ယောင် ဆောင်တဲ့ နေရာမှာ ဘုရင်မင်းမြတ်က ပထမဆိုရင် ဘယ်သူကများ ဒုတိယဖြစ် နိုင်ပါ့မလဲ ..