အပိုင်း (၄၂၉)
ရှောင်းယီနဲ့ နန်းကျောင်းကျောင်း၏ ငယ်ဘဝ (၃)
"မေမေ့ ကျောင်းကျောင်းလေးက အေးအေးချမ်းချမ်းနဲ့ ကြီးပြင်းလာရမယ်နော်"
"မေမေ့ ကျောင်းကျောင်းလေးက အစ်ကို့ လက်ဖဝါးပေါ်မှာ တင်ပြီး ဖူးဖူးမှုတ်ထားရမဲ့ ကောင်မလေး တစ်ယောက် ဖြစ်လာရမယ်နော်"
"မေမေ့ ကျောင်းကျောင်းလေးက နောင်အနာဂတ်မှာ မိသားစု ကောင်းကောင်းက လူနဲ့ အိမ်ထောင်ကျပြီး သမီးရဲ့ ဘဝတစ်လျှောက်လုံးကို သူက ကာကွယ် စောင့်ရှောက်ပြီး သမီးကို ကောင်းကောင်း တန်ဖိုးထား တာကို မေမေက စောင့်ကြည့်နေမယ်"
"မေမေ့လို ဘဝက အဓိပ္ပါယ် မရှိတာမျိုး မဖြစ်စေနဲ့....."
ညနေဆည်းဆာက တောက်လဲ့နေပြီး နန်းအိမ်တော်၏ ဥယျာဉ်ထဲက အစိမ်းရောင် အုတ်တံတိုင်း ကြွေပြားတွေ၏ ထောင့်စွန်းသို့ ဖြည်းဖြည်းချင်း ဖေးတင်သွားသည်။
ရှောင်းယီက သူ့ခြံဝင်းထဲသို့ ပြန်သွားပြီး စာအုပ်စင်ရှေ့မှာ ထိုင်လိုက်သည့် အချိန်တွင် အပြင်ဘက်မှ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ရှီးခူက တံခါးမှဝင်လာပြီး ပြောသည်မှာ "သခင်လေး၊ သခင်မ ၃ ဆုံးပါးသွားပါပြီ"
သူက ညနေခင်း၏ ရောင်ခြည်ပျပျကို ကြည့်ရင်း ထိုင်နေမိသည်။ ရှေးဟောင်း စာအုပ် တစ်အုပ်ကို ဖွင့်ထားသော်လည်း သူက စာတစ်လုံးသော်မျှ မဖတ်နိုင်ပါချေ။ အတန်ကြာတော့မှ သူက ထရပ်လိုက်ပြီး ခြံဝင်းထဲမှ ထွက်သွားလေသည်။
ကျင်းရီဆောင်၏ အတွင်းနှင့် အပြင်မှာတော့ လူများ ပြည့်နှက်နေသည်။
အဖြူရောင် ပိုးထည်များနှင့် အဖြူရောင် မီးအိမ်များကို ချိတ်ဆွဲထားသည်။ နန်းမိသားစု၏ ဆွေမျိုးများနှင့် ဆုန်းမိသားစုတို့က အောက်မေ့တသခြင်း အခမ်းအနားကို ပြုလုပ်နေကြပြီး ကျယ်လောင်စွာ ငိုကြွေးနေကြလေသည်။
သူက စင်္ကြံလမ်းမှာ ရပ်နေမိသည်။
ပြတင်းကိုဖြတ်ပြီး ကြည့်လိုက်သောအခါ သခင်မကြီးက ဒေါ်လေး ၃ ၏ အိပ်ရာဘေးမှာ ထိုင်နေပြီး မျက်ရည် စိုလူးလျက် ငိုကြွေးနေကာ "မင်းက အခုလို ထွက်သွားတော့ ကျောင်းကျောင်းက ဘယ်လို လုပ်ရမှာလဲ ... နောင်မှာ သူလက်ထပ်တာကို ဘယ်သူက စောင့်ကြည့်တော့မှာလဲ ... သူ့ခင်ပွန်းကို စောင့်ရှောက်ဖို့ကို ဘယ်သူက သင်ပြပေးတော့မှာလဲ ... အနောက်ခြံဝင်းကရော ... သနားစရာ ကောင်းလိုက်တဲ့ ကျောင်းကျောင်းလေး"