အပိုင်း (၃၉၄)
မင်းသားက အကြောက်တရားတွေ ဖုံးနေတယ်
ယွီဝေ့က တကယ်ပင် မူးမေ့လဲမတတ် ဖြစ်သွားရတော့သည်။
သူမက နန်းပေါင်ရီကို မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့် နေလေသည်။ နန်းတွင်းထဲတွင် ကောလာဟလတစ်ခု ပြန့်နေသည်မှာ မင်းသမီးပေါင်ရီက နယ်စွန်နယ်ဖျား မြို့ငယ်လေးက လာပြီး စည်းမျဉ်း စည်းကမ်းများကို နားမလည်သည့်အပြင် ကြမ်းတမ်းသော စရိုက်ရှိသည်ဟု။ သို့သော် ဘာကြောင့် သူမက နန်းတွင်း၏ စည်းမျဉ်း စည်းကမ်းများကို လွန်စွာ ရှင်းရှင်းလင်းလင်း သိနေရသည်လဲ။
သူမ နန်းတွင်းထဲမှာ နေလာတာ ခြောက်နှစ် ခုနစ်နှစ်လောက် ရှိလျော့မည်။ သို့သော် သူမ နန်းတွင်း စည်းမျဉ်း စည်းကမ်းများကို အလုံးစုံ အလွတ် ရွတ်မပြနိုင်သေးပါချေ။
သူမက ဉာဏ်ကောင်းသော မိန်းကလေး တစ်ယောက် ဖြစ်တာကြောင့် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး မျက်လုံးကတော့ မျက်ရည် အပြည့်ဖြင့် "ဒီအစေခံက မင်းသားကို မြှူဆွယ်ဖို့ ကြံရွယ်တာ မဟုတ်ရပါဘူး၊ ဒီအစေခံရဲ့ စိတ်ထဲမှာ မင်းသားက ချောမောလိုက်တာလို့ ရိုးရိုးလေးပဲ တွေးလိုက်မိတာပါ၊ အဲ့ဒါကြောင့် ထပ်ပြီး ကြည့်မိတာပါ.. လူတိုင်းလည်း အဲ့လိုပါပဲ၊ မင်းသမီးက အရမ်း မရက်စက်လွန်း ဘူးလား။ နန်းတော်ထဲကို ပြန်သွားရင် မင်းသမီးရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ မစိုးရိမ်ပါဘူးလား"
နန်းပေါင်ရီက လက်နှင့်ကိုင်လို့ရသော ကြွေမီးအိုးအသေးလေးကို ကိုင်ထားသည်။ ဒန်းဆိုးထားပြီး လှပကြွရွနေသော အနီရောင် လက်သည်းလေးများက ရွှေရောင် ပိုးထည်သား၏ အပြင်ဘက် ချုပ်ရိုးနေရာကို ဖြည်းဖြည်းချင်း ထိတွေ့ နေလေသည်။
သူမက ပိုမို၍ နူးညံ့စွာ ပြုံးလိုက်ရင်း "နန်းတွင်း စည်းမျဉ်းစည်းကမ်းရဲ့ အပိုဒ်ခွဲ ၂၁ အရ အစေခံများက ခြိမ်းခြောက်တဲ့ အပြစ်ကျူးလွန်ရင် အချက်ငါးဆယ် ပါးရိုက်ခံရပြီး အကျဉ်းခန်းဆီ အပို့ခံရမယ်၊ တစ်နှစ် အပြစ်ပေးခံရမယ်"
"ဒီအစေခံက ဘယ်တုန်းက ခြိမ်းခြောက်တဲ့ ပြစ်မှုကို ကျူးလွန်မိလို့လဲ"