အပိုင်း (၄၀၁)
ကုချုံရှန်း၏အတိတ်
ဟူချင်၏ တေးသံက ပိုမို၍ ကျယ်လောင်လာသည်။
'အမိန့်ပေးခြင်း' တေးသွားက သည်းထန်သော မိုးစက်တွေလို လှောင်အိမ်ထဲက အခြေအနေကို အမြင့်ဆုံး အပိုင်းသို့ ဆွဲခေါ်နေသည်။
မိန်းကလေးက ဘေးဘက်သို့ လှည့်၍ ကျန်းဟွမ်၏ စည်းစနစ်မကျသော တိုက်ကွက်ကို ရှောင်လိုက်သည်။ လက်ဖဝါး ပြင်ထက်မှာ ဆုပ်ထားသော ထက်ရှသည့် ဓါးမြှောင်က ကျန်းဟွမ်၏ လည်ပင်းကို နောက်မှ ထိုးဖောက် သွားသည်။
ဓါးမြှောင်က လည်တိုင်ကို ထိုးစိုက်မိ သွားလေပြီ။ ကျန်းဟွမ်၏ မျက်လုံးများက ပြူးကျယ် သွားကြသည်။
သူ၏လည်ပင်းမှာ ထက်ရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သွေးနွေးနွေးများက ပေါက်ထွက်လာလျက် သူ၏ဝတ်စုံကို ဆေးနီဖြန်းလိုက်သလို နီရဲသွားစေသည်။ သူ၏ဒူးများက အားလျော့လာသည်။
လဲကျတော့မှာကို မြင်သောအခါ နန်းပေါင်ရီက သူ့ကိုနောက်မှ ထောက်ကိုင် ထားပေးလိုက်သည်။
သူမက သူ့နားနားသို့ ကပ်၍ အသံလေးက နူးညံ့ချိုသာနေလျက် "ငါက ဒီနန်းတော်ထဲမှာ တစ်ခါသေဖူး ခဲ့ပြီးပြီ..... ငါ့ကိုနာကျင်အောင် လုပ်ခဲ့တဲ့ သူတွေကို ငါက အလွတ်ပေးမှာ မဟုတ်ဘူး၊ ကျန်းသခင်လေး၊ ရှင်က အစပဲ ရှိသေးတယ်၊ ဟွမ်ချွမ်လမ်းကို သွားပြီး စောင့်နေလိုက်ပါ၊ မကြာခင်မှာ ရှင့်ကို အဖော်ပြုဖို့ လူတွေ အများကြီး မြေအောက်ကမ္ဘာကို လိုက်လာကြလိမ့်မယ်"
ကျန်းဟွမ်က တစ်ခုခုကို မေးချင်ပေမယ့် ပါးစပ်ကို ဖွင့်လိုက်သောအခါ အသံတစ်စမျှ မထွက်နိုင်တော့။
နန်းပေါင်ရီက ဓါးမြှောင်ကို ဖြည်းဖြည်းချင်း ဆွဲထုတ် လိုက်သည်။ ထိုသူက ကြမ်းပြင်ပေါ်သို့ ကျ၍ သေသွားလေပြီ။
လှောင်အိမ်၏ အပြင်ဘက်က မိန်းမစိုးများ၏ ချီးကျူး အော်ဟစ်သံများက ပြန့်လွင့်လာသည်။
ဟူချင်၏ တီးလုံးသံကလည်း ရပ်တန့် သွားလေသည်။ နောက်ဆုံးတီးလုံး ပြီးသွားသောအခါ ကုချုံရှန်းက မျက်လုံးကို ဖြည်းညင်းစွာ ပင့်လိုက်သည်။