အပိုင်း (၄၃၃)
နန်းကျောင်းကျောင်း ငါမင်းကို အရမ်းလွမ်းတယ်
ရှန်ကျင်းမြို့တော်မှာတော့ နွေဦးရာသီ၏ မိုးစက်များ ကျဆင်းလျက်....
ညခင်းမိုးက တံစက်မြိတ် အောက်က မီးအိမ်ကို စိုစွတ်သွားစေပြီး အမှောင်ထုက မိုးယံထက်သို့တိုင်။
ရှီဖူယွမ်၏ ခြံဝင်းငယ်ထဲတွင်...
နန်းပေါင်ရီ၏ လက်များသည် တင်းကျပ်နေပြီး ကုချုံရှန်းက သူမကို မက်မွန်ပင် အောက်၌ ချည်နှောင်ထား လေသည်။
မိုးစက်များ သူမ၏ ဆံထုံးထက်မှ ဖျော့တော့နေသော မေးဖျားလေးကို ဖြတ်ပြီး မြေပြင်ပေါ်သို့ စီးကျနေသည်။ လှပသော အစိမ်းရောင် ဖျော့ဖျော့ဝတ်စုံက စိုစွတ်လို့နေပြီး ခန္ဓာကိုယ်မှာ ကပ်နေကာ ပါးလျပြီး သေးသွယ်သော ကောက်ကြောင်းလေးကို ထင်းနေစေသည်။
သူမက မိုးရေထဲမှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီး မီးငှက်လို မျက်လုံးများသည် အားနည်းပြီး တင်းတင်းကြပ်ကြပ် စေ့ပိတ်နေလေပြီ။ မျက်ဝန်း ထောင့်စွန်းများမှာ ထူးဆန်းစွာဖြင့် ဖြူဖျော့လျက် ပန်းပွင့်ချပ်လို နှုတ်ခမ်းလေး တစ်စုံတောင် အရောင်ဖျော့ နေလေပြီ။
ကုချုံရှန်းက စင်္ကြံလမ်းမှာ ထိုင်လျက် လက်ဖက်ရည် သောက်နေသည်။ ကျောက်မီးသွေးများသည် မီးဖိုထဲ၌ တောက်လောင်နေပြီး သူ့မျက်နှာကို ထင်ဟပ်နေကာ မိုးသည်းတဲ့ညမှာ တစ္ဆေတစ်ကောင် လိုပင်။
ခြံဝင်း အပြင်ဘက်မှ လှုပ်ရှားသံ တစ်ချက်ကို ကြားလိုက်ပြီး စစ်ဖိနပ်များနှင့် အော်ဟစ်သံတို့မှာ တိတ်ဆိတ်နေသော ညဘက်မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ထိုသည်က တစ်ညလုံး မြို့ကိုပတ်ပြီး ရှာဖွေနေကြသော ရှောင်းယီ လူများ၏ အသံပင်။
ကုချုံရှန်းက လက်ဖက်ရည်ကို သောက်နေပြီး အေးစက်သော မျက်နှာထားဖြင့် "သူရှာတွေ့သွားပြီ"
နန်းပေါင်ရီက မျက်လုံးများကို မှိတ်ထားဆဲပင်။
ရှန်ကျင်းမြို့တော်က ကြီးမားလွန်းပြီး ကုချုံရှန်းက သူမကို မြို့တော်၏ အပြင်ဘက်ကို ပို့ဖို့စိတ်ကူးမရှိခဲ့။ အနှေးနှင့်အမြန် အစ်ကို ၂ က ဒီနေရာကို ရှာတွေ့သွားမယ်ဆိုတာ သူမသိသည်။