အပိုင်း (၄၀၅)
အရင်ဘဝက သူမသေဆုံးခဲ့တဲ့ ရေခဲအကျဉ်းတိုက်
ချူးဟွိုင်နန်က ရှောင်းယီနှင့် နန်းပေါင်ရီတို့ အတူ ထွက်သွားတာကို ကြည့်နေသည်။
ပဋိကတ်ကျမ်း အဆောင်က သူ့နောက်မှာ ကျန်နေခဲ့သည်။ သူတစ်ယောက်တည်းသာ ကြီးမားသော ဥယျာဉ်အိုကြီးထဲမှာ ကျန်နေခဲ့လေပြီ။
ခုနလေးတင် ရှိနေခဲ့သည့် ချိုမြိန်မှုလေးက ပျောက်ရှ သွားလေသည်။ နန်းပေါင်ရီနှင့် လက်ထပ်ဖို့ ကတိထားသော သူက သူဖြစ်ရင် အရမ်းကောင်းမှာပဲ။
သူ့ဘေးမှာ ထိုမိန်းကလေးသာ ရှိရင် ဘာပဲစားစား ချိုမြိန်နေလောက်သည်မလား..
ရှောင်းယီက နန်းပေါင်ရီ နှင့်အတူ ရှည်လျားပြီး နက်မှောင်သော နန်းတွင်းလမ်းမ တစ်လျှောက်ကို လျှောက်သွား လေသည်။ မိန်းကလေးက ခေါင်းကို ဂရုမစိုက်စွာဖြင့် ပင့်မော့ကြည့် လိုက်သောအခါ ရှောင်းယီက ခံစားချက် မကောင်းနေတာကို တွေ့လိုက်ရလေသည်။
သူမက သူ့လက်ကို ကိုင်လိုက်ပြီး သူ့ခြေထောက်အောက်က အပြာရောင် ကျောက်ခင်းလမ်းကို ကြည့်လိုက်သည်။
ရှေ့သို့တိုး၍ သူ့ခြေထောက် ကြားထဲမှာ ရပ်ဖို့ ကြိုးစားလိုက်ပြီး "အစ်ကို ၂၊ ဘာတွေ စိတ်ပူနေတာလဲ"
"မင်းတစ်ယောက်ယောက်ကို သတ်ခဲ့တာလား"
နန်းပေါင်ရီက အနည်းငယ် အံ့ဩသွားမိသည်။ သူမက လက်ကို အမြန်ရုပ်လိုက်ပြီး ဝတ်စုံလက်ထဲ ဖွက်ကာ လက်ချောင်းများကို မူမမှန်စွာ လိမ်ကျစ်နေလေသည်။
သူမက လက်ချောင်းပေါ်က သွေးစက်များကို ဆေးကြောပြီးပြီဆိုတာ သိသာပေမယ့် လက်များက သွေးစက်များနှင့့်် ညစ်ပေနေဆဲဟု ခံစားနေရဆဲပင်။
"ဘယ်သူ့ကိုလဲ"
"ကျန်း၊ ကျန်းဟွမ်"
နန်းပေါင်ရီက မကျေမနပ်ဖြင့် "အစ်ကို ၂ ရဲ့ မျက်စိအောက်မှာ ညီမလေး ကြီးပြင်းလာတာပါ၊ ညီမလေးက ရိုးသားတဲ့ ကလေးဖြစ်ပြီး ဘယ်တုန်းကမှ ပြဿနာ မရှာဘူးဆိုတာ အစ်ကိုသိပါတယ်၊ ဒါပေမယ့် ကျန်းဟွမ်က လူမဟုတ်ဘူး"