အပိုင်း (၄၁၀)
အိမ်အသစ်သို့ ပြောင်းရွှေ့ခြင်း
သူမက စိတ်ဆိုးစွာဖြင့် စွပ်ပြုတ်ကို သောက်နေလေသည်။
ရထားလုံးက နန်းအိမ်တော်ရှေ့တွင် ဖြည်းညင်းစွာ ရပ်သွားသည်။ နန်းပေါင်ရီကို ရှောင်းယီက ကူညီပြီး ရထားလုံး အပြင်ဘက်သို့ ဆင်းလာကြသည်။
အိမ်တော်၏ တံခါးဝမှာ ဂုဏ်သရေ ကြီးမြင့်သော ကျောက်သား ခြင်္သေ့ရုပ်တု နှစ်ရုပ်က စောင့်ကြပ်နေပြီး အနီရောင် သစ်စေး သုတ်ထားသော သံဂိတ်တံခါးက အလွန်အမင်း တန်ဖိုးကြီးလှသည်။ 'နန်းအိမ်တော်' လို့ ရေးထိုးထားသော ကျောက်ပြားကို ဟိတ်ဟန် မထုတ်ဘဲ ရိုးရှင်းစွာ ရေးထိုးထားပြီး အနီရောင် ပန်းပွင့်နှင့် အလှဆင်ထားသည်။
သူတို့နှစ်ယောက်က ဘေးချင်းကပ်လျက် အိမ်တော်ထဲသို့ လှမ်းဝင် သွားကြသည်။ ဥယျာဉ်က ကျယ်ဝန်းလှပြီး အရာရာ အားလုံးကို လှလှပပ တည်ဆောက်ထားပုံက ကျင်းကွမ်မြို့က အိမ်တော်ထက် ပို၍အသေးစိတ်ပြီး ဂုဏ်ရှိန်မြင့်လှသည်။
ခြံဝင်းတွေ ခွဲထားတာကတော့ အရင်အိမ်ဟောင်းပေါ်မှာ မူတည်ပြီး ဆုန်းဟယ့်ခြံ၊ ကျောက်ဝမ်ခြံ၊ ကျင်းရိဧည့်တွေ့ဆောင်နှင့် တခြား အဆောက်အဦတွေလည်း ပါဝင်သည်။ အစေခံများနှင့့်် အခိုင်းအစေများက ပစ္စည်းများကို သယ်လျက် နေရာတိုင်းမှာ ရယ်မောပျော်ရွှင် နေကြလေသည်။
နန်းပေါင်ရီက မပြုံးဘဲ မနေနိုင်တော့။
ဆုန်းဟယ့်ခြံ၏ ပင်မဆောင်ကို ခြေချလိုက်သောအခါ ခန်းမထဲက မိသားစုများက ပျော်ရွှင်စွာနှင့် ရှန်ကျင်းမြို့တော်၏ စိတ်ဝင်စားဖို့ ကောင်းသော အကြောင်းအရာများကို ပြောဆိုနေကြလေသည်။
"အဘွား"
နန်းပေါင်ရီက ဖျတ်လတ် သွက်လက်စွာဖြင့် ခေါ်လိုက်ပြီး အဘွားအို၏ လက်မောင်းများ ကြားထဲသို့ ပစ်ဝင်လိုက်သည်။ အဘွားအိုက ပြုံးလိုက်တာကြောင့် အရေးအကြောင်းများက ပြေလျော့ သွားလေသည်။
သူမက ကြင်နာစွာဖြင့် လိမ္မော်သီးကို အခွံခွာ၍ နန်းပေါင်ရီ၏ ပါးစပ်လေးထဲသို့ ခွံ့လိုက်ပြီး "ဒါက အဘွားတို့၏ အိမ်အသစ်ပဲ၊ ကျောင်းကျောင်း သဘောကျရဲ့လား မင်းရဲ့ ဝမ်းကွဲမမကတော့ မြင်းရိုင်းလိုပဲ အိမ်အသစ်ကို လိုက်ကြည့်နေလေရဲ့။ မြင်းခွာလေးများနဲ့ ဥယျာဉ်ထဲကိုပြေးတာ၊ ဒေါ်လေး ၂ ကို စိတ်ဆိုးအောင် လုပ်မိတာပဲ"