အာခေါင်များခြောက်သွေ့ကာ အက်ကွဲမတတ်ဖြစ်နေပြီမို့ ရေသောက်ရန်အတွက် မဖွင့်ချင်ဖြစ်နေသည့်မျက်လုံးအားအတင်းဖွင့်ကာ ထလိုက်တော့ စူးကနဲ နာကျင်သွားသည့်ပခုံးတဖက်။" လူလေး... ဖြေးဖြေး.. ပခုံးကမြားထိထားတာ... အရမ်းကြီးအားမပြုလိုက်ပါနဲ့...."
မြားထိထားသည်ဆိုသောစကားကြောင့် သခင် မှတ်ဉာဏ်များက ဇဝေဇဝါဖြစ်နေရာကနေ မြားထိရသည့်အကြောင်းအရင်းကို သတိရသွားသည်မို့ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးအတွက်စိတ်ပူသွားမိသည်။ အခုလိုအိပ်ယာထဲ လှဲနေလို့တော့မဖြစ်တော့ပေ။ နန်းတော်ထဲအမြန်လိုက်သွားမှဖြစ်တော့မည်မို့ အမြန်ထလိုက်တော့ မိုက်ခနဲဖြစ်သွားရကာ အိပ်ယာထဲပြန်လှဲချလိုက်ရ၏။
ထိုစဉ် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်ပန်ကန်အားသယ်ယူကာ ဝင်လာသူမှာ အနွယ်ဖြစ်နေသောကြောင့် သခင်အံ့သြသွားရသည်။
" ဟင်... နိုးနေပြီလား အကိုတော်... တော်သေးတာပေါ့ စိတ်ပူနေလိုက်ရတာ..."
" ကျုပ် ဘယ်လိုကနေဘယ်လိုဒီကို ရောက်နေရတာလဲ...."
" ဒီလိုကွဲ့.... အဘတောထဲ ဆေးမြစ်ရှာထွက်ရင်း လူလေးနဲ့တွေ့လို့ အိမ်ခေါ်လာခဲ့လိုက်တာ။ "
" ကျေးဇူးပါ... အဘ...."
" လူလေးက အခုလောလောဆယ်အဆိပ်မပြယ်လောက်သေးဘူး... ခဏ နားနားနေနေ နေလိုက်ပါဦး... "
" နားလို့မရလို့ ... ကျုပ်ဆက်သွားမှဖြစ်မယ်အဘ..."
" အကိုတော်... ဟိုလေ... နန်းတော်ထဲသွားမယ်ဆိုရင်တော့ နောက်ကျသွားပြီ..."
မျက်နှာမကောင်းစွာပြောလာသည့် အနွယ်ကြောင့် သခင်နားမလည်နိုင်ဖြစ်သွားရသည်။ ဘေးကထိုင်နေသည့် အဘလည်း ထိုင်ရာမှ သက်ပြင်းအရှည်ကြီးချကာ အပြင်ဘက်သို့ထသွားလေ၏။
" ဘုရင့်အာဏာ သိမ်းခံလိုက်ရပြီ... ပြီးတော့..."
မျက်ရည်အဝဲသားနှင့် နင့်သဲစွာပြောနေသည့် အနွယ်ကြောင့် သခင့် ခေါင်းထဲ ရှုပ်ထွေးလာကာ...
" ရတယ်... သူတို့ အခု နန်းသိမ်းလဲ မိဖုရားကြီးတိုင်းပြည်ကလွှတ်လိုက်တဲ့ စစ်သည်တော်တွေချီတက်လာကြပြီ... အချိန်မှီတားနိုင်လောက်တယ်..."
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️