နန်းမြို့ရိုးကြီးကို ခေါင်းမော့ကြည့်ကာ အနွယ်ပြုံးနေမိသည်မှာအကြာကြီးပင်။ ဒီမြို့ရိုးကြီးကိုကျော်လွန်ပြီး အထဲမှာ ဘာတွေများရှိနေမလဲလို့ စိတ်ကူးယဉ်မိသည်မှာလည်းခဏခဏ။
အခုတော့ မောင်ကြီးရဲ့မယ်တော်ဆီမှ ဖိတ်ခေါ်ခြင်းခံရသည်မို့ ဝေါယာဉ်ပေါ်တွင် အကောင်းဆုံးဆိုတော့အဝတ်အစားများဖြင့် နန်းတော်အတွင်းသို့ဝင်လာခဲ့ချေပြီ။
ရွှေရောင်တလက်လက်တောက်ပြောင်နေသည့် အဆောင်အယောင်များနှင့် အဆောက်အဦးများကြောင့် အနွယ်ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်ကာနေရသည်။ ကိုယ်စိတ်ကူးယဉ်ထားသည်ထက် အဆများစွာ သာလွန်နေသည်မို့ အံသြခြင်းများက အတောမသပ်နိုင်ခဲ့။
အရင်က မြို့ရွာထဲမှ ပိုက်ဆံရှိလူချမ်းသာတွေနေတဲ့ အိမ်လောက်ပဲမြင်ဖူးပြီး ထိုအိမ်တွေကို နန်းတော်တမျှခန်းနားသည်ဟု တင်စားခဲ့မိသမျှ အခုတော့ လားလားမှ မသက်ဆိုင်ကြောင်းသိရှိခဲ့ရပြီ။
အနွယ်ဆီသို့ အိမ်တိုင်ယာရောက် ဝေါယာဉ်လွှတ်ကာ ခေါ်ခိုင်းလိုက်သည်မို့ မောင်ကြီးရဲ့မိခင်က သူမအပေါ် တန်ဖိုးထားသည်ဟု ထင်မိခြင်းကြောင့် အနွယ်မျက်နှာအထက်တွင် ကြည်နူးကျေနပ်ခြင်းများဝေသီနေတော့၏။
ခန်းနားကြီးမားလှသည့် အဆောင်ရှေ့တွင်ရပ်သွားပြီး အစေခံများက ရောက်ကြောင်းလှမ်းပြောသည်မို့ သူမ အသာအယာ ဝေါယာဉ်ပေါ်က ဆင်းလိုက်ကာ လတ်ဆတ်သည့်လေကိုတဝကြီး ရှူရှိုက်မိတော့သည်။
ထိုစဉ် သူမအနားသို့ တရွေ့ရွေ့လျှောက်လာသည့် နန်းတွင်သူလေးဖြစ်ဟန်တူသည့် မိန်းကလေးအားကြည့်နေလိုက်သည်။
" မမလေးက အနွယ် ဆိုတာလား မသိဘူးနော်.."
" ဟုတ်ပါတယ်..."
" ဒါဆို ဒီဥယျာဉ်ထဲမှာပဲ ခဏစောင့်ပေးပါနော်... မယ်တော်ကြီးက ဦးရီးတော်နဲ့ ဘုရင့်အပါးဆီခစားရောက်နေလို့...."
" အိုး... ရပါတယ်ရှင့်... အနွယ် ဒီကနေပဲစောင့်နေပါ့မယ်... ဒီက ညီမလေး လုပ်စရာရှိတာသာ လုပ်နေပါကွယ်...."
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️