♠ မာယာလှည့်ကွက် ♠ Part - 6

1.7K 163 11
                                    

[Zawgyi]

သူ မယ်မယ်ကြီး ခေါ်ရာ လိုက်ခဲ့ရင်း အိမ်ကြီး၏ ကြီးကျယ်ခမ်းနားမှုတွေကို တအံ့တသြ ငေးကြည့်နေခဲ့မိသည်။ အပေါ်ထပ်ကိုတက်ရန် အိမ်ကြီး၏ ဧည့်ခန်းနှင့် အနောက်ဖက် မီးဖိုဆောင်အကြား တစ်ဖက်တစ်ချက်တွင် ဂငယ်သဏ္ဍာန် လှေကားတစ်ခုစီ ရှိပြီး လက်ရန်းဒီဇိုင်းတွေကပင်  ငေးမောယူရလောက်အောင် ကျွန်းသားကနုတ်ဒီဇိုင်းများနှင့် အသေးစိတ် ပုံဖော်ထားသည်။

လှေကားအဆုံး တစ်ဖက်တစ်ချက်စီမှ လက်ရန်းထိပ်တွေတွင်တော့ လက်တစ်တောင်စာခန့်ရှိသည့် ကျွန်းသား ကနုတ်ပန်းဖူးငုံကြီး လေးခုဖြင့် အလှဆင်ထားကာ ထိုလှေကားနှစ်ခု ဆုံရာ မျက်နှာချင်းဆိုင်ရှိ နံရံ၏ အလယ်တည့်တည့်တွင်တော့ ရှေးခေတ် နန်းဝတ်နန်းစားဖြင့် အမျိုးသားတစ်ဦး၏ ပုံတူပန်းချီကားကြီးတစ်ချပ်က သူ့အရပ်နှစ်ပြန်စာလောက်ပင် ရှိကာ ခမ်းနားစွာ ချိတ်ဆွဲထားသည်လေ။

'' အဲ့ဒါ မြေးတော်ရဲ့ အဘေးတော်ပုံလေ ''

'' သြော် ဟုတ်ကဲ့ အဘေးတော်က Kong နဲ့ တူသလိုပဲနော် ''

သူငေးကြည့်နေသည်ကို သိလို့ထင့် မယ်မယ်ကြီးက ထိုပန်းချီကားကို တယုတယ ပွတ်သပ်ကာ ပြောပြလာခဲ့သည်ကို သူ အဆင်ပြေစွာ ပြန်ဖြေနိုင်ခဲ့သည်။ မြေးတော်ဆိုသည်မှာ Kongpop ကို ရည်ရွယ်ပြီး အဘေးတော်ကတော့ အဖိုး၏အဖေဟု သူ တစ်နေ့မှပင် Kongpop ဆီမှ သင်ယူထားခဲ့၍ တော်သေးသည်။

ထို့နောက် ဘယ်ဖက်ကို ဆက်သွားကာ အခန်းသုံးလေးခန်းကို ကျော်သွားအပြီး အခန်းတံခါးတစ်ခုကို ဖွင့်ဝင်သွားသည့် မယ်မယ်ကြီးနောက်သို့ သူအမြန်လိုက်ဝင်လိုက်ရသည်။

သူ အခန်းထဲရောက်သည်နှင့် စူးစမ်းတတ်သည့် မျက်လုံးတို့ သဘာဝ အခန်းကို ဝေ့ဝိုက်ကြည့်မိတော့ စာကြည့်ခန်းဆိုသည့်အတိုင်း တံခါးရှိသည့်အခြမ်းဖက်မှ လွဲ၍ ကျန်နံရံ သုံးဖက်လုံးတွင် မျက်နှာကျက်ကပ်သည်အထိ စာအုပ်စင်ကြီးတွေက အပြည့် နေရာယူထားသည်။ အခန်းအလယ်တွင်တော့ ကျောင်းစာကြည့်တိုက်သဖွယ် စားပွဲခုံရှည်ကြီးတွင် ခုံတွေ စီချထားသည်။

တံခါးရှိသည့် တစ်ဖက်ခြမ်းတွင်တော့ ဆိုဖာအရှည်နှစ်ခုကို တန်းစီချထားပြီး မယ်မယ်ကြီးက ထိုဆိုဖာတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်နှင့် သူလည်း အနားသွားကာ ရပ်လိုက်သည်လေ။

♠ မာယာလှည့်ကွက် ♠ [Z & U]Donde viven las historias. Descúbrelo ahora