Part 1

19.9K 697 6
                                    

'သမီး ပြန်လာပြီလား စောပြန်လာမယ့်အကြောင်း
ဒယ်ဒီ့ကိုတောင်မပြောဘူး'

ကားပေါ်ကဆင်းဆင်းချင်းမှာတင် ပေါ်တီကိုရှေ့ထိ
ထွက်လာသောဒယ်ဒီ့ကိုတွေ့လိုက်ရသည်။ ဧကရီနဲ့ဒယ်ဒီ့ရဲ့ ထုံးစံအတိုင်းအပြန်အလှန်ဖက်ပြီး နှုတ်ဆက်ပြီးမှ ...

'ဒယ်ဒီအလုပ်ရှုပ်နေမှာစိုးလို့ သမီးဖုန်းလှမ်းမဆက်တာ
အစကသမီးလည်းပြန်ဖို့အစီအစဉ်မရှိဘူး ပြီးမှပျင်းလာလို့
ပြန်လာလိုက်တာ'

'သမီးအလုပ်တွေအဆင်ပြေခဲ့တယ်မလား'

'ပြေခဲ့တယ်ဒယ်ဒီ ဒယ်ဒီရော မင်္ဂလာကိစ္စအဆင်ပြေတယ်မလား '

'ပြေတယ်သမီး သမီးပွဲမှာမရှိလို့ဒယ်ဒီသိပ်စိတ်မကောင်း
ဖြစ်တာလေးတစ်ခုပဲ'

'ရုတ်တရက်ကြီးအလုပ်ပေါ်လာတော့လည်း
ဘယ်တတ်နိုင်ပါ့မလဲဒယ်ဒီရယ် အဓိကကဒယ်ဒီ့ပွဲ
ပျော်ပျော်ရွှင်ရွှင်ပြီးဖို့ပဲကို'

'ဒါတော့ဒါပေါ့သမီးရယ်'

'အစ်ကို ကလေးကိုအထဲတော့မဝင်ခိုင်းဘူး
ခရီးပန်းလာတာကို'

ဒယ်ဒီနဲ့ပေါ်တီကိုရှေ့မှာတင်ပြောမိနေသော စကားဝိုင်းက
အိမ်ထဲကထွက်လာသော ဒယ်ဒီ့အမျိုးသမီးအသံကြောင့်
တိတ်သွားသည်။

'ဟုတ်သားပဲ အထဲဝင်ရအောင်လေသမီး လာ'

ဒယ်ဒီမကြာသေးမီကမှ လက်ထပ်ထားသောအမျိုးသမီးကို
ဧကရီနှုတ်ဆက်စကားပြန်မဆိုမိသေးပဲ
အိမ်ထဲဝင်လာမိသည်။ ကိုယ့်မိထွေးနေရာကို
ရောက်လာသူရယ်ဆိုပြီး မကျေမနပ်ဖြစ်မိတာမဟုတ်ပေမယ့်
သိပ်မရင်းနှီးသေးတဲ့သူနဲ့ဆိုရင် စကားများများ
မပြောတတ်တာ ဧကရီ့အကျင့်လိုဖြစ်နေသည်။ နဂိုတည်းက
စကားနည်းသူမို့ ရင်းနှီးတဲ့သူနဲ့ဆိုရင်တောင် ဧကရီ
စကားသိပ်ပြောလေ့မရှိလို့ တချို့တွေက ဧကရီ့ကို
မာနကြီးတဲ့သူဟု ထင်ကြေးပေးကြသည်။ တကယ်တော့
ဧကရီမာနကြီးတာမဟုတ် အေးစက်စက်နှင့်
အနေတည်နေခြင်းသာ ...။

'သမီး အမောပြေအအေးလေးသောက်လိုက်ပါဦး'

'ကျေးဇူးပါ အန်တီ'

ရေဆာနေတာရော ဒယ်ဒီ့လက်ထပ်ပွဲမှာ
ရုတ်တရက်အလုပ်ကိစ္စပေါ်လာတာမို့
ခရီးသွားလိုက်ရလို့ ပွဲမတက်နိုင်တာကို မကြည်ဖြူလို့ဟု ထင်မှာစိုးတာကြောင့်ရော ဧည့်ခန်းထဲရောက်ရောက်ခြင်း ဒယ်ဒီ့နောက်အိမ်ထောင် အန်တီပန်းဖြူပေးလာသည့်
အအေးကို ဧကရီချက်ချင်းသောက်လိုက်သည်။ ဧကရီ့
အပြုအမူကြောင့် ဒယ်ဒီ့မျက်နှာမှာရော အန်တီပန်းဖြူ
မျက်နှာမှာပါအပြုံးတွေဖြစ်လာတာကို မြင်လိုက်ရတော့
ဧကရီလည်းကျေနပ်မိသည်။ တစ်ခါပဲတွေ့ဖူးပေမယ့်
အန်တီပန်းဖြူက အမျိုးသမီးကောင်းတစ်ဦးမှန်း ဧကရီသိသည်။ အသက် လေးဆယ်ကျော် တက္ကသိုလ်က ကထိက
တစ်ယောက်က ဒယ်ဒီ့ကိုလက်ထပ်တာ
စည်းစိမ်ကြောင့်တော့မဖြစ်နိုင် ... မိဘတွေကြောင့်
မဆုံစည်းခဲ့ရတဲ့ရေစက်ကို တစ်ပင်လဲလို့တစ်ပင်ထူ
ပြန်ဆက်ကြခြင်းကို ဧကရီနားလည်ပေးနိုင်သည်။ နှုတ်က
ထုတ်ဖော်မပြတတ်တာမို့ ဧကရီ့သဘောကို
ဒီလိုအပြုအမူတွေနဲ့ ထုတ်ဖော်လိုက်တာက နှစ်ဦးနှစ်ဖက်လုံး
စိတ်ချမ်းသာရသည်။ စီးပွားရေးလုပ်နေရပေမယ့် ဧကရီ့ကို
အထီးကျန်တဲ့အထိပစ်မထားခဲ့ပဲ တစ်ဖက်ကလည်း
ဘယ်မိန်းမနဲ့မှမရှုပ်ခဲ့သည့်ဒယ်ဒီ အခုမှသာ
နောက်အိမ်ထောင်ပြုခြင်းကို ဧကရီနားလည်ပေးလို့ရသည်။
သူများသားသမီးတွေလို မိဘကိုသည်းသည်းလှုပ်ချစ်
မပြတတ်ပေမယ့် ဒယ်ဒီစိတ်ချမ်းသာရင်
ဧကရီစိတ်ချမ်းသာတာမို့ ဒယ်ဒီလုပ်သည့်အရာမှန်သမျှကို
နားလည်ပြီးသဘောတူပေးတာက ဧကရီ့ရဲ့ ဒယ်ဒီ့ကို
ချစ်နည်းဖြစ်သည်။

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now