'မိုးကလည်းနော် အချိန်အခါမဟုတ်ကြီး'
'အဲဒါရန်ကုန်မိုးထုံးစံပဲလေ'
'ဒါနဲ့မေမေတို့ရော မိုးမိနေရင်ဘယ်လိုလုပ်မလဲနော်'
ရန်ကုန်မှာမိုးရွာနေလို့ ချောင်းသာမှာရွာမလားဆိုပြီး
ကြံကြံဖန်ဖန်တွေးပူနေသော ပန်းမြတ်ဖြူကျော် ...
သူများကိုသာပူနေတယ် သူကတော့မိုးရွာတာ
အကြောင်းပြပြီး ဧကရီ့အခန်းထဲတွင်သောင်တင်နေပါ၏။
'ရန်ကုန်နဲ့ချောင်းသာအဝေးကြီး
မင်းမို့လို့ကြံကြံဖန်ဖန်တွေးပူနေတယ်
ချောင်းသာမပြောနဲ့ပဲခူးမှာတောင်အခုမိုးရွာလို့လား'
'ဧကရီကလည်း ပန်းမြတ်ကလူကြီးတွေကိုစိတ်ပူလို့ကို'
'မင်းဟာမင်းသာ မိုးရွာရင်မကြောက်အောင်နေပါ'
'အဟီး ... ဒါကတော့'
အခုမှသွားလာဖြီးပြနေသည်။ သူကသာစိတ်ပူနေတယ်
လူကြီးတွေကဖြင့်သုံးညအိပ်ပဲသွားမယ်ဆိုပြီး
အနီးအနားတွေပါလျှောက်လည်မလို့ တစ်ပတ်ပြည့်မှ
ပြန်လာမည်တဲ့ ... တစ်ပတ်လောက်တော့ မိုးမရွာလောက်ဘူး
ထင်ပါရဲ့ ... မိုးကောင်းမှုနဲ့ ဧကရီလည်းဖက်လုံးဘဝ
ပြောင်းနေပြီ ... ဒါတင်မကသေး ...ဧကရီ့အင်္ကျီတွေက အကြီးကြီးတွေ ပိုဝတ်လို့ကောင်းတယ်ဆိုပြီး ဧကရီ့
အင်္ကျီတွေချည်းယူဝတ်တာကအဆစ်ပါသေးသည်။
ပြောမဲ့သာပြောရတာ ထိုကလေးမရှိနေလို့ နည်းနည်းတော့
အပျင်းပြေသည်ဟု ဧကရီခံစားရသည်။
'ဒါနဲ့ ဧကရီ မနက်စာဘာစားချင်လဲ'
'မသိဘူးလေ မင်းလုပ်ကျွေးတာပေါ့'
'ရှမ်းခေါက်ဆွဲ ... စားမလား'
'မင်းကလုပ်တတ်လို့လား'
'အမယ် ... ဒီရက်ပိုင်းစားနေတာတွေ
ဘယ်သူချက်တာလဲ ... ပြော'
နှုတ်ခမ်းစူပြီးပြောနေတဲ့ပုံစံက စိတ်ကောက်တာလား ...
ဟုတ်တော့ဟုတ်ပါသည်။ ဒီရက်ပိုင်း အကုန်လုံးသူပဲ
ချက်ကျွေးနေတာ ... အိမ်ကဝန်ထမ်းတွေကိုလည်း
ဒယ်ဒီတို့ခရီးသွားနေလို့ဆိုပြီး အနားပေးထားတာ
အရင်လိုသာဆို ဧကရီဆိုင်စာနဲ့ညားရုံသာရှိသည်။
ထိုကလေးမလေးဟာ အချက်အပြုတ်တော့ ကျွမ်းကျင်သည်။
ဖွယ်ဖွယ်ရာရာလေးတွေကို မညည်းမညူချက်ကျွေးရှာသည်။
မနက်စာဆိုလည်း မုန့်လေးတွေလုပ်ပေးတာ နန်းကြီးသုပ်ဆို
ဧကရီလိုက်ပွဲတောင်တောင်းယူရသည်။ နှစ်ရက်ကျော်မှာ
သူ့လက်စွမ်းသိနေပြီကို ဧကရီမေးပုံက နှုတ်ခမ်းစူလည်း
စူချင်စရာ ... ဧကရီကိုကအမေးမတတ်တာပါလေ ...။
