'ဘာကိစ္စရှိလို့လဲ ကိုကောင်းခန့်'
'ကိုယ်ဧကရီ့ကို ပြောပြစရာရှိလို့ ... ပြောစရာဆိုတာထက်
အမှန်အတိုင်းဝန်ခံစရာဆို ပိုမှန်လိမ့်မယ်'
'ဘာကိုလဲ ကိုကောင်းခန့်'
ပန်းမြတ်ဖြူကျော် အိမ်ကထွက်သွားပြီးတည်းက
ကိုကောင်းခန့်နဲ့ အဆက်အသွယ်ပြတ်နေရာက
ပြောစရာရှိလို့တွေ့ချင်ပါတယ်ဆိုပြီး ကိုကောင်းခန့်ဘက်က
ဆက်သွယ်လာခဲ့သည်။ အမှန်အတိုင်းပြောရရင်
ကိုကောင်းခန့်ကို ဧကရီမတွေ့ချင် ...။ သူ့ကြောင့်သာ
မဟုတ်ရင် ကိုယ်ချစ်ရတဲ့သူနဲ့အခုလိုဝေးခဲ့စရာ
အကြောင်းမရှိ ... မဟုတ်ဘူး ... ကိုယ်ကိုယ်တိုင်
ကိုယ်ချစ်ရတဲ့သူကို ကိုယ်နဲ့အဝေးဆုံးကိုတွန်းပို့ခဲ့ရစရာ
အကြောင်းမရှိ ...။ ဧကရီ့ အတ္တတွေကြောင့်လည်း
ပါပေမယ့် ကိုကောင်းခန့်သာဝင်မရှုပ်ခဲ့ရင် ဧကရီလည်း
ဒီလိုလုပ်မိစရာအကြောင်းမရှိခဲ့တာမို့ ...။
'ကိုယ် ကလေး ... ဆောရီး ပန်းမြတ်နဲ့ဧကရီအကြောင်းကို
သိခဲ့တယ်'
'ဘာကိုလဲကိုကောင်းခန့်'
'ဧကရီတို့ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း'
ဖြစ်ခဲ့တယ်တဲ့လား ... ။ ဖြစ်ခဲ့တယ်ဆိုတာ ပျက်သွားတဲ့
အရာတွေကိုမှသုံးတဲ့စကားလုံးလေ ... ဧကရီနဲ့သူနဲ့အချစ်က
ပျက်သွားတဲ့အရာတစ်ခုဖြစ်သွားပြီလား ...။
'ကိုယ်အံ့သြသွားခဲ့တယ် ... ပွင့်ပွင့်လင်းလင်းပြောရရင်
မိန်းကလေးတစ်ယောက်နဲ့ယှဉ်ပြီးအငြင်းခံရတယ်ဆိုပြီး
ယောက်ျားမာနနဲ့မခံချင်စိတ်ဖြစ်ခဲ့မိတယ်'
'အဲဒါနဲ့ပဲသူ့ကိုခိုးပြေးခဲ့တာလား'
'ကိုယ် ပန်းမြတ်ကို သူ့အမေမေ့လဲသွားတယ်ဆိုပြီး
လိမ်ပြီးခေါ်ခဲ့တယ် ... ဆေးခတ်ထားတဲ့ရေပါတိုက်ပြီး
သန်လျင်ကတိုက်ခန်းကိုခေါ်သွားခဲ့တာ'
'ရှင် ... တကယ်ပြောနေတာလားကိုကောင်းခန့်'
'ကိုယ်အဲ့လောက်ထိကိုယုတ်မာခဲ့တဲ့ကောင်ပဲ ဧကရီ
ပန်းမြတ်ဆေးအရှိန်နဲ့အိပ်ပျော်နေတုန်းမှာ ...
'တော်တော့ကိုကောင်းခန့် ... ဆက်မပြောပါနဲ့တော့'
ကောင်းခန့်ဆက်ပြောမယ့်စကားတွေကို
နားထောင်နိုင်စွမ်းဧကရီ့မှာမရှိ ...။
