'ကိုကောင်းခန့် ... မတွေ့တာကြာပြီ ... ဒယ်ဒီ့ကို
လာကြည့်တာလား'
'ဟုတ်တယ် ဧကရီ ... အန်ကယ်ရော'
'အခန်းထဲမှာ ... ခဏနော် ဧကရီသွားခေါ်ပေးမယ်'
မီးဖိုထဲကနေကြားနေရတဲ့အသံတွေကြောင့် ပန်းမြတ်
သက်ပြင်းချလိုက်မိသည်။ ကိုယ်ချစ်ရတဲ့သူက နောင်တချိန်
သူ့ရဲ့လက်တွဲဖော်ဖြစ်လာနိုင်တဲ့လူနဲ့ စကားပြောနေတယ်
ဆိုတဲ့အသိက ရင်ကိုပူစေသည်။ ရေခဲရေတစ်ခွက်ကို
မော့ချလိုက်ပေမယ့် ရင်ထဲကအပူကလျော့မသွား ...
အခုတောင်ဒီလောက်ဖြစ်နေရင်
နောက်ဖြစ်လာမယ့်ကိစ္စတွေကို ပန်းမြတ်ဘယ်လို
ရင်ဆိုင်နိုင်မှာလဲ ... အချစ်ဆိုတာပူလောင်ရသည်။
မဖြစ်နိုင်တဲ့အချစ်ကိုမှချစ်မိတဲ့ပန်းမြတ်က ပိုပြီးတော့
ပူလောင်ရသည်။
'ဟူး ...'
သင်တန်းချိန်ကလည်းနီးနေတာမို့ ထမင်းစားခန်းထဲမှာပဲ
ပုန်းနေလို့မရ ... အပြင်ထွက်လိုက်မယ်ဆိုရင်လည်း
ဧကရီနဲ့ ဟိုလူ့ကိုတွဲမြင်ရမယ့်မြင်ကွင်းကြောင့် တစ်နေကုန်
အလုပ်ပျက်နိုင်သည်။ ရှောင်နေရုံလို့လည်းမရတာမို့
ပန်းမြတ်စိတ်ကိုတင်းပြီး ဧည့်ခန်းဘက်သို့
ထွက်လာလိုက်သည်။
'သမီးငယ်လေး သင်တန်းသွားတော့မှာလား'
'ဟုတ်ဖေဖေ'
'ဪ ... ညီမလေး လက်ကသက်သာသွားပြီလား'
'ဟုတ်ကဲ့ သက်သာသွားပါပြီ အဲဒီနေ့ကဆေးထည့်ပေးလို့
ကျေးဇူးပါ ... အစ်ကို'
'မလိုပါဘူးဗျာ ... ကိုယ်ကဆရာဝန်ပဲ ... ဆေးကုဖို့က
ကိုယ့်တာဝန်လေ'
ပန်းမြတ်ထက်အသက်ကြီးတာမို့ အစ်ကိုလို့ပဲခေါ်လိုက်သည်။
ပန်းမြတ်ကိုလည်း ကူညီဖူးသူမို့ ကိုယ့်ပြိုင်ဘက်လို့
တွေးမိရင်တောင် ကိုယ့်အပေါ်ကူညီဖူးတာကိုတော့
ပန်းမြတ်မေ့မပစ်ပါ။ သို့သော်လည်း စိတ်ပေါ့ပေါ့ပါးပါးနဲ့
ဆက်ဆံနိုင်သည်အထိတော့မဟုတ်တာမို့ ထိုလူရှိနေတဲ့
နေရာကနေ အမြန်ရှောင်ထွက်လာမိတော့သည်။
'သမီးသွားပြီနော် ဖေဖေ'
'ဂရုစိုက်သွားနော်သမီး'
