ဒီတစ်ခေါက်တော့ ထွက်ပြေးလို့မရအောင်
အခန်းထဲရောက်တာနဲ့ အခန်းတံခါးကို ဧကရီ
လော့ခ်ျချထားလိုက်သည်။
'မင်းဟိုတစ်နေ့ကပြောစရာရှိတယ်ဆိုတာဘာလဲ'
'ဟို ... အဲဒါက'
'ဟိုရူးကြောင်ကြောင်လူနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်တော့
ဆက်မပြောနဲ့တော့ ... ကိုယ်သိပြီးပြီ ... အဲဒီကိစ္စက
ကိုယ်နဲ့မဆိုင် ... မဟုတ်ဘူး ... ဆိုင်တယ် ... မင်းနဲ့သူနဲ့ကို
ကိုယ်ဘယ်နည်းနဲ့မှသဘောမတူဘူး'
'ပန်းမြတ် သူ့ကိုစိတ်မဝင်စားဘူးနော်ဧကရီ ... ပန်းမြတ်
တကယ်သူ့အပေါ်ဘာစိတ်မှမရှိဘူး'
'အင်း ... ကောင်းတယ်'
'ဧကရီ ...'
'ကိုယ်ဘာလို့သဘောမတူတာလဲ မင်းမသိချင်ဘူးလား
မဟုတ်ဘူး ... ကိုယ်သဘောမတူတဲ့အကြောင်းရင်းကို
မင်းသိပြီးပြီ အဲ့အကြောင်းရင်းဘာလို့ဖြစ်လာလဲ
မင်းမသိချင်ဘူးလား'
ဘာမှပြန်မဖြေ ...
'မင်းမသိချင်လည်းကိုယ်ကတော့ပြောရမှာပဲ ....
ကိုယ်မင်းကိုချစ်တယ်'
နားနားလေးကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တော့
ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေနဲ့ဧကရီ့ကို
ကြည့်လာသူ ...
'မင်းအံ့သြသွားမယ်ဆိုတာကိုယ်သိပါတယ် ... ဒါပေမယ့်
ကိုယ်မင်းကိုချစ်တယ် ... မဖြစ်နိုင်ဘူးလို့လည်းမင်းထင်ချင်
ထင်နေမှာပဲ ... မဖြစ်သင့်ဘူးလို့လည်းမင်းပြောချင်
ပြောမှာပဲ ... မင်းဘယ်လိုပဲထင်ထင် ...
မင်းဘယ်လိုပဲတွေးတွေး ... ကိုယ့်ဘက်ကတော့ ကိုယ့်ဘဝ
တစ်ခုလုံးနဲ့ရင်းပြီးပြောနိုင်တဲ့အရာတစ်ခုရှိတယ် အဲဒါက
ကိုယ်မင်းကိုချစ်တယ်ဆိုတာပဲ ... မင်းရော ကိုယ့်ကို ...
ပြန်ချစ်ပေးလို့ရမလား'
မျှော်လင့်လို့မရနိုင်သောအဖြေဆိုပေမယ့် ဧကရီ
မျှော်လင့်ကြည့်ချင်ပါသေးသည်။
💟💟💟
'ကိုယ်မင်းကိုချစ်တယ်'
မျှော်လင့်မထားသောစကားတစ်ခွန်းကို တိတ်တိတ်လေး
ချစ်နေရသူဆီကကြားလိုက်ရတဲ့ အချိန်မှာ ပန်းမြတ်
အိပ်မက်မက်နေတာလားလို့တောင်တွေးမိသွားသည်။
ဧကရီက ပန်းမြတ်ကိုချစ်တယ်တဲ့လား ... ဘယ်လိုမှကို
မယုံနိုင်အောင်ပင် ... ။ လွန်ခဲ့တဲ့တစ်ပတ်ကျော်ဂဧကရီ
ထူးထူးဆန်းဆန်းတွေလုပ်ခဲ့တဲ့ညက ဧကရီ့
စကားတွေကြောင့် မျှော်လင့်ချက်ထားမိပေမယ့်
မဖြစ်နိုင်ပါဘူးလို့တွေးပြီး ကိုယ့်စိတ်ကိုယ်ပြန်ထိန်းခဲ့သည်။
အဲဒီနေ့ညက ဧကရီမူးပြီးအမှားလုပ်မိမလိုဖြစ်တာကို
ပြန်တုံ့ပြန်မိတာကို ရှက်တဲ့စိတ်ကြောင့် ကိုယ်မူးနေလို့ဆိုတဲ့အကြောင်းပြချက်ကိုကြားလိုက်ရရင်
ရူးသွားနိုင်တဲ့စိတ်တွေကြောင့် ဧကရီ့ကိုရှောင်နေခဲ့မိတာ ...
အခုဧကရီပြောတာတွေသာတကယ်ဆိုရင် ... အဲဒီနေ့ညက
စကားတွေကလည်း ...
