'ကလေး'
ဧကရီ့ဆီကိုအလာ ဆေးရုံရှေ့မှာလမ်းကူးသွားတဲ့
ကလေးကိုကောင်းခန့်တွေ့လိုက်ရသည်။ ဝေးဝေးက
မြင်လိုက်ရတဲ့ပုံရိပ်ဆိုပေမယ့် ကလေးဆိုတာ
သေချာပါသည်။ ကလေးက ဒီကိုဘာလာလုပ်တာလဲ ...
ကလေးပြန်ရောက်နေတာလား ...
ဧကရီ့အကြောင်းကိုရော ကလေးသိသွားတာလား ...။
မေးခွန်းပေါင်းများစွာက ကောင်းခန့်အတွေးထဲကို
ရောက်လာသည်။ ကောင်းခန့်ကားရပ်ပြီး ကလေးနောက်ကို
လိုက်ပေမယ့် မမှီလိုက်တော့ ...။
'အလှူရှင်ကဘယ်သူလဲအန်ကယ်'
'နာမည်မဖော်ပဲလှူတာမို့ အန်ကယ်တို့လည်းမသိဘူး'
'ဟုတ်လားအန်ကယ် ... ဘာပဲပြောပြော
အခုလိုအလှူရှင်ရလာတာကိုပဲဝမ်းသာပါတယ်
ဒါနဲ့ဘယ်နေ့ခွဲစိတ်မှာလဲအန်ကယ်'
'မနက်ဖြန်မနက်'
'အဲဒါဆိုမနက်ဖြန်ကျွန်တော်ထပ်လာခဲ့မယ်လေအန်ကယ်
ကျွန်တော်မနက်ဖြန် Duty Off တယ်'
'ကျေးဇူးပါကွာ ... မင်းလည်းပင်ပန်းနေပြီ'
'မဟုတ်တာအန်ကယ်ရယ်'
ကျွန်တော့်အပေါ်အခုအချိန်ထိ
သဘောထားမပြောင်းကြတာကိုပဲ
ကျွန်တော်ကကျေးဇူးတင်ရမှာပါဆိုတဲ့စကားကိုတော့
ကောင်းခန့်စိတ်ထဲကပဲပြောလိုက်မိသည်။
ကိုယ့်ကြောင့်သူတို့သမီးတစ်ယောက်လုံး
အိမ်ကထွက်သွားခဲ့ပေမယ့်
အပြစ်မတင်ပဲတောင်းပန်တာကိုလည်း
ခွင့်လွှတ်ပေးခဲ့ကြသည်။ ဒီလိုစိတ်ထားကောင်းတဲ့သူတွေရဲ့
အေးချမ်းနေတဲ့ဘဝကိုတကွဲတပြားစီဖြစ်အောင်
ကိုယ်ဖျက်ဆီးသလိုဖြစ်ခဲ့မိတာကိုတွေးလိုက်တိုင်း
ကောင်းခန့်နောင်တရမဆုံး ...။ ဧကရီ့အတွက်အခုလို
အလှူရှင်ပေါ်လာတော့ အန်ကယ်တို့နဲ့ထပ်တူ
ဝမ်းသာမိသည်။ ဒါပေမယ့် အလှူရှင်က
အမည်မဖော်လိုသူအလှူရှင်တဲ့လား ... အခုခေတ်ကြီးမှာ
ဘယ်လိုလူက ကိုယ့်ရဲ့ကျောက်ကပ်တစ်ဖက်လုံးကို
နာမည်မဖော်ပဲ ရက်ရက်ရောရောနဲ့ပေးတာလဲ ...
စေတနာကောင်းလွန်းတဲ့ဒီအလှူရှင်ကဘယ်သူလဲ ...
မဟုတ်မှ ... ကောင်းခန့်ဆေးရုံရှေ့မှာတွေ့လိုက်ရတဲ့
ကလေးကိုမြင်ပြီးတစ်စုံတစ်ခုကိုစဉ်းစားမိသွားသည်။
