'မေတ္တာရိပ်အမျိုးသမီးဖွံ့ဖြိုးရေးဂေဟာ'
ရန်ကုန်မြို့ပြင်နားမှာက ကျောင်းလေးတစ်ခု ...။
အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရတဲ့ မိန်းကလေးတွေရဲ့
ခိုနားရာနေရာလေးတစ်ခု ...။ ဆယ်ကျော်သက်မှစပြီး
သုံးဆယ်ကျော်အထိသော မိန်းကလေးတို့ခိုလှုံရာ ...။
ပန်းမြတ်ဒီကျောင်းကို ရောက်နေတာ
ရှစ်လကျော်ကြာခဲ့ပြီ ...။ ဒီကျောင်းမှာနေရင်း
ကိုယ်တတ်တဲ့ပညာကိုပြန်ပြီးဝေမျှပေးနေတာ ...။
ဆေးရုံဆင်းခါစက မြို့ထဲကတိုက်ခန်းမှာခဏနေခဲ့ပေမယ့်
ပြန်ပြီးနေသားကျသွားတော့ ဒီကျောင်းလေးကို
ရောက်ခဲ့သည်။ မေမေရော ဖေဖေပါ
အိမ်ပြန်လာနေဖို့ခေါ်ပေမယ့် ပန်းမြတ်နဲ့ဧကရီတို့ကိစ္စကြောင့်
ပန်းမြတ်ငြင်းတော့လည်း အိမ်ပြန်လာဖို့ ကလေးတွေကိစ္စကို
ဝင်ပါတော့ပါဘူးဆိုပြီး ပြန်လာဖို့
အတင်းမတိုက်တွန်းကြတော့ ...။ ပန်းမြတ်နဲ့ဧကရီတို့
အကြောင်းကိုသိတာတောင် နားလည်ပေးပြီး ဘာမှ
မပြောတဲ့အပြင် ဧကရီ့ကိုကျောက်ကပ်လှူတဲ့ကိစ္စကိုလည်း
ပန်းမြတ်ဆန္ဒအတိုင်းလျှို့ဝှက်ပေးထားတဲ့ မိဘတွေကို
အားလည်းနာပြီး ကျေးဇူးလည်းတင်မိသည်။ သမီး
တစ်နေတော့ အိမ်ကိုပြန်လာမှာပါ ...။
'အဲလိုမဟုတ်ဘူးလေ ... ဒီလိုလုပ်ရတာ ...
မမလုပ်ပြမယ်နော် သေချာကြည့်ကြည့် ... ဒီနားလေးကိုရစ်
ပြီးတော့ ဟော ... ပြန်ထုတ်လိုက် ... လုပ်ကြည့်ပါဦး'
'မမ ... သမီးလုပ်တာမှန်လား'
'မှန်တယ် ... မီးမီးကတော်လိုက်တာ'
'ပန်းမြတ်ရေ ဧည့်သည်လာတယ်'
'လာပြီအစ်မရေ ... ဒါလေးလုပ်ထားနှင့်ကြနော်
မမပြန်လာခဲ့မယ်'
ဧည့်သည်လာတယ်ဆိုလို့ ပန်းမြတ် ကလေးတွေကို
သိုးမွှေးထိုးနည်းသင်ပေးနေရာကထွက်လာခဲ့သည်။
'အစ်ကို'
'နေကောင်းတယ်မလား'
'ဟုတ် ... အပြင်ထွက်ရအောင်လေအစ်ကို'
ပန်းမြတ် ကိုကောင်းခန့်နဲ့ကျောင်းဝင်းထဲကိုထွက်ခဲ့သည်။
ကိုကောင်းခန့်ကလည်း တစ်လတစ်ခါဒီကျောင်းလေးကို
လာပြီး ကျန်းမာရေးစစ်ဆေးပေးသည်။
