အပိုင်း(၇)
ခွန်မင်း တစ်ယောက် မနက်အုန်းမောင်းခေါက်ချိန်ရောက်သည်နှင့် မျက်လုံးပွင့်သည်။ ဘေးကိုလှည့်ကြည့်လိုက်တော့ နောင်ငယ်သည် တစ်ကိုယ်လုံးကွေးလျက် တစ်ဖက်ထောင့်နားသို့တိုးကပ်နေသည်မှာပုဇွန်ထုပ်လေးသဖွယ်။ မအိပ်ခင်က ခြုံထားသည့်စောင်ပါးလေးကလည်း ခြေရင်းတွင်မို့ မနက်ပိုင်းအေးလေ့ရှိသည့် ဒီအရပ်၏ ဓလေ့အရ သူ့ကို ခွန်မင်း စောင်လေးပြန်ခြုံပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤကလေးသည် ဘယ်အရပ်ကလာမှန်းမသိ အမိရင်ခွင်နှင့်ဝေးကွာလာရသည့်သူ။"လိုင်ချီးသီး---အရမ်းချိုတာပဲ--"
ရုတ်တရက်အသံထွက်လာသည်မို့ ကြည့်လိုက်တော့လည်း နောင်ငယ်သည် မျက်လုံးကမပွင့်။ အိပ်ချင်မူးတူးဖြင့် ယောင်နေသည်။ ခွန်မင်း မျက်နှာပြုံးမိသွား၏။ ယောင်နေသည်က ညနေခင်း ကစားခဲ့သည့် အသီးဖြစ်ဟန်တူသည်။
"အင်း --အဘယ်လောက်များ ချိုလေသလဲ."
"အင်း----"
စနောက်သည်က ခွန်မင်းပုံစံမဟုတ်သော်လည်း နောင်ငယ့်ကို ရုတ်ခြည်းစနောက်ချင်သည်မို့ ဆိုလိုက်တော့ သံရှည်ဆွဲကာ ပြန်အိပ်သွားပြန်သည်။ ဒီတိုင်းဆိုလျှင် အချိန်လင့်တော့မည်မို့ ခွန်မင်း အိပ်ရာမှ ထလိုက်ရပါတော့သည်။
ခြံထဲကစဥ့်အိုးတွင် ကိုယ်လက်သန့်စင်ပြီးပြန်တက်လာတော့ ဦးရီးက ဘုရားရှိခိုးပြီးထလာသည်နှင့်ဆုံ၏။"ခွန်မင်း ကလေး ရော အဆင်ပြေရော့လားကွဲ့.။ ဦးရီးလည်း အလုပ်တွေဆိုင်နေတာနဲ့ ကလေးကို မကြည့်မိလေဘူး။"
"အဆင်ပြေပါပ ဦးရီး။ ခုတော့ အိပ်ပျော်နေလေသေးရဲ့."
"အိမ်း --ဘယ်အရပ်ကလာမှန်းမသိ. ဒီကလေးငယ် ဒီအရပ်နဲ့ အသားဘယ်ကျလိမ့်မလဲ။ တူကြီးကပဲ စောင့်ရှောက်ပါလေ.။ရေစက်ရှိလို့ဆုံရသကွဲ့ မဟုတ်ပေလား။ကဲ--ကဲ ယာခင်းထဲသွားမှာမလား.အချိန်ဖင့်နေဦးမယ်."
ခွန်မင်းသည် ဦးရီးကို နှုတ်ဆက်လျက် အခန်းထဲပြန်ဝင်လာခဲ့သည်။ အ၀တ်အစားတစ်စုံကိုလဲဝတ်လိုက်ပြီး အိပ်ရာဆီ အကြည့်ပြန်ပို့လိုက်တော့ နောင်ငယ်က ဒီဘက်ကုတင်စွန်းနားသို့ရောက်နေပြီဖြစ်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~