အပိုင်း(၃၅)
ခြံဝန်းထဲ အေးအေးဆေးဆေးလျှောက်ဝင်လာသူကိုတွေ့တော့ မယ်မဒီ ပျော်ရွှင်သွားသည်။မနေ့ကမနက်ကတည်းက နောင်ငယ့်အရေးကို သူဖြေရှင်းပေးလိုက်သည်ကိုလည်းကြားပါသည်။သို့ပေမယ့် မယ်မဒီ သွားမကြည့်ရဲ။ ကိုယ်လုပ်ခဲ့တာ မဟုတ်တာတောင် လိပ်ပြာမလုံသည့်သူမ။
"အမောင် လာလေ. မယ်မဒီမျှော်နေတာနဲ့အတော်ပ ထိုင်-"
မယ်မဒီက အိမ်ရှေ့က သစ်သားကွပ်ပျစ်ပေါ်တွင် ထိုင်စေသည်။ အသင့်ရှိထားပြီးသားဖြစ်သည့် လက်ဖက်အုပ်လေးကို ခွန်မင်း ရှေ့ အသာလေးတိုးပေးသည်။
"ကျူပ် ပြောစရာရှိလို့လာတာပ မယ်မဒီ။"
ခွန်မင်း ၏တည်ငြိမ်သလို စိမ်းကားနေသည့်မျက်ဝန်းတွေကြောင့် မယ်မဒီ ရင်မဆိုင်ရဲသလို ဖြစ်ကာ အကြည့်လွှဲုလိုက်မိသည်။
"ဒေါနက နောင်ငယ့်အပေါ်ကြံစည်လေမှုကို မယ်မဒီသိထားလျက်နဲ့ရေငုံနှုတ်ပိတ်နေခဲ့တာက အပြစ်သင့်သလား မယ်မဒီ။"
မယ်မဒီ မျက်လွှာပင့်ကြည့်လာသည်။ ထင်တော့ထင်မိနေပါသည်။ သူမ ဆီ အလည်အပတ်သက်သက်နှင့်လာရောက်မှန်း မဟုတ်တာကိုတော့။
"မယ်မဒီ သဘောတူကြံစည်ခဲ့တာမျိုး မဟုတ်ပ အမောင်။ ဒေါနက အမောင့်ကို ငယ်ကတည်းက မျက်မုန်းကျိုးသူမို့ အမောင် တစ်နည်းနည်းနဲ့ထိခိုက်အောင်ကြံရွယ်လေခြင်းမှာ မယ်မဒီ မဟန့်တားခဲ့မိတာကလွဲရင် ပူးပေါင်းခဲ့တာ မဟုတ်ပ."
အသံတွေပင်တုန်အောင်ပြောနေသည့် မယ်မဒီကိုကြည့်ကာ ခွန်မင်း သနားမိခြင်း အလျဉ်းမရှိတာတော့ခက်သည်။ မျက်လုံး ထဲတွင် ပတ်တီးတွေနှင့် နောင်ငယ့်လက်ကလေးကိုမြင်ယောင်တိုင်းမည်သူ့ကိုမှသနားသက်ညှာမိခြင်းမရှိ။ဒေါန ဆိုသည့်သူ က ငယ်စဉ်ကတည်းက တစ်ခြားသူကို ကန်ထဲတွန်းချချောက်ချဖူးသည်ကို ခွန်မင်းက မျက်မြင်ကိုယ်တွေ့ တွေ့သည်မို့ ရွာဦး ဘုန်းဘုန်း ထံတွင် သက်သေထွက်ဆိုလိုက်သည့်အတွက် ကြိမ်ဒဏ်ကောင်းကောင်းသင့်ခဲ့ရခြင်းမှစလျက် ခွန်မင်း အပေါ် အမျက်သိုစိတ်စတင်သည်။လူပျိုပေါက်အရွယ်စတင်ချိန်တွင်လည်း ရွာ၏ လူငယ်ခေါင်းဆောင်သိပ်ကိုဖြစ်ချင်သည့် ဒေါနက အများ၏ မဲပေးဆုံးဖြတ်မှုဖြင့် ခွန်မင်းသည်သာ ခေါင်းဆောင်ဖြစ်ခဲ့ခြင်းကိုလည်း မကြည်ဖြူ။ ထို့ပြင် သူ သဘောကျနေသည့် မယ်မဒီက ခွန်မင်းအပေါ်အလေးပေးလေတော့ အားလုံးပိုဆိုးကုန်သည်။ငယ်သည့်စိတ်မှ စတင်သည့် အမြင်မကြည်ခြင်းက မုန်းတီးခြင်းကိုကူးပြောင်းခဲ့သည်ထင်။ သို့ပေမယ့် ခွန်မင်းကတော့ဖြင့် ဒါသည် လူ၏သဘောမနောနှင့်သာဆိုင်သည်ဟု ထင်သည်။နဂိုကတည်းက ဒေါနကို စိတ်ထားမကောင်းသူဟု အများသမုတ်ကြသည်မဟုတ်ပါလား။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~