တံခါးခေါက်သံလို အသံသဲ့သဲ့ကြောင့် ယောဝေမှာ မျှော်လင့်တကြီးဖြင့် အိမ်ရှေ့သို့ အပြေးအလွှားသွားကာ တံခါးဖွင့်ပေးလိုက်သည်။ သို့ပါသော်လည်း သူအားစောင့်ကြိုနေသည် ဟူ၍ တဖွဲဖွဲကျဆင်းနေသော နှင်းတချို့နှင့် အေးစက်ခြင်းအငွေ့အသက်တို့ကို သယ်ဆောင်လာသော လေပြင်းတချို့သာရှိသည်။ သူကတော့ မျှော်လင့်ချက်ကို မလျော့။ ချစ်ရသူများ ပုန်းနေလိုပုန်းနေငြားဟူသော အတွေးဖြင့် အိမ်အပြင်သို့ထွက်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ မည်သူမျှရှိမနေ။
သူ လက်လျော့ကာ အိမ်ထဲဝင်တော့မည်အပြု ခြံထဲသို့ ဝင်လာသော ရထားလုံးတစင်းကြောင့် သူ၏ မျှော်လင့်ချက်တို့သည်ကား ဒီရေအလား တစစတိုး၍ လာပြန်သည်။ ထိုရထားလုံးမှာ သူ့ရှေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက်ရပ်ကာ တံခါးဖွင့်လိုက်ချိန်တွင် စိတ်လှုပ်ရှား တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ သို့ပါသော်လည်း ရထားလုံးပေါ်မှ ဆင်းလာသော မိဘနှစ်ပါးနှင့် သမားတော်ကြီး အဝေရာအား တွေ့လိုက်ရချိန်တွက် ယောဝေမှာ စိတ်ပျက်လွန်းသဖြင့် အားအင်တွေ ဆုတ်ယုတ်ကုန်တော့သည်။
"သား ယောဝေ... ဘယ်နဲ့ကွယ်။ အင်္ကျီလည်းမပါကော။"
မယ်နော်လင်းမှာ ကျစ်လစ်သော ကြွက်သားတို့ဖြင့်လှပသည့်ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းနေသော ယောဝေအား ကြည့်ကာ စိတ်မသက်သာစွာ ပြောလိုက်ပါသည်။ ထို့နောက် ပိုးဘောင်းဘီရှည် အနက်ရောင်တစ်ထည်တည်းဖြင့် နှင်းတောထဲတွင် ငူငူကြီးရပ်နေသော ယောဝေကို လက်မောင်းမှဆွဲ၍ အိမ်ထဲသို့ ခေါ်ခဲ့ပါတော့သည်။
ယောဝေကလည်း ကလန်ကဆန်မလုပ်ပါ။ သူမဆွဲခေါ်ရာနောက်သို့ လိုက်ခဲ့ပြီး ဧည့်ခန်းထဲရောက်သည်နှင့် နှစ်ယောက်ထိုင် သားရေထိုင်ခုံတွင် လဲလျောင်းလိုက်ပါသည်။ ထိုနေရာကား ခင်ပွန်းသည် ပြန်လာမည်ဟု မှာခဲ့သောညပြီးကတည်းက သူအိပ်စက်ရာ ကုတင်ဖြစ်ပါသည်။
"စူဇန်း ဘယ်လိုနေသေးတုန်း"
အရှင်နန္ဒမှာ သူတို့အား လာရောက်ကြိုဆိုသော အိမ်တော်ထိန်းအမျိုးသမီးကို ယောဝေကို မေးဆတ်ပြကာ မေးလိုက်ပါသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...