ကောလွန်းမှာ ခရီးစဉ်တခုလုံး စိတ်နှင့် ခန္ဓာမကပ်။ ခင်ပွန်းလောင်းပျောက်ဆုံးနေမှုသည် သူ၏ အသိစိတ်တို့ကို နာကျင်မှုတို့ဖြင့် တိုက်စားကာ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်နေပါတော့သည်။ ဗိုလ်မင်း၏ ကိစ္စက သွေးရိုးသားရိုးဟုတ်ပုံမရ။ စုံစမ်းကြည့်သမျှ ပျောက်ဆုံးသွားတာလား၊ တကယ်ပဲဆုံးပါသွားတာဆိုတာ မည်သူမျှ ရေရေရာရာမပြောနိုင်။ သူ နှလုံးသားထဲတနေရာက ယုံကြည်နေမိသည်။ ချစ်ရပါသော ဗိုလ်မင်းတစ်ယောက် တနေရာရာဝယ် သက်ရှိထင်ရှားရှိနေပါလိမ့်မည်။
"ဟင်း"
ကောလွန်း စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ်ပစ်လှဲချလိုက်သည်။ ကြည့်ရသည်မှာ နောင်တော်ကို အမြဲလို စိတ်ထဲမှ အပစ်တင်ရှုံ့ချခဲ့လို့ သူ အခုတော့ ဝဋ်လည်နေပြီနှင့်တူပါ၏။ ယခုတော့ နောင်တော်၏ ဆွေးမြည့်မှုတို့ဖြင့် နှီးနွယ်သည့် ရူးမတတ်နာကျင်မှုတို့ကို နည်းနည်းတော့ နားလည်၍ လာပြီဟုဆိုရပေမည်။ အသည်းအူတို့ကို အစိမ်းဆွဲထုတ်ပြီး ရင်တခုလုံး မီးနှင့်မြှိုက်လျှင်တောင် သူယခု ခံစားနေရသော ဒုက္ခဆင်းရဲကို မှီလိမ့်မည်မထင်ပါပေ။ ဒါကို ဒင်းက အနှစ်နှစ်ရာလုံးလုံးလုံးဘယ်နှယ့်တွေ အသက်ရှည်တုန်း။ သူမှာတော့ သတိရတိုင်း အလိုလိုကျလာသော မျက်ရည်ကြောင့် နောက်ထပ်ကျစရာ မျက်ရည်တို့ပင်မကျန်တော့။
နောင်တော်ဆို၍ ဇန်နိုရာ ရောက်လျှင်ရောက်ခြင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားလိုက်ရသည့် တူဖြစ်သူရှင်းဝဏ်နှင့် ပတ်သက်သည့် သတင်းက ခေါင်းထဲအလိုလျောက်ဝင်လာပြန်သည်။ အမှန်ဆို အစ်မတော် ယွန်းသူဇာ၏ အသုဘကိစ္စအတွက် ခရီးထွက်ကတည်းက ထိုနှစ်ယောက် တစ်ဦးပေါ်တစ်ဦးကြည့်နေသည့် အကြည့်တို့က ပုံမမှန်ကြောင်း သတိထားမိသည်။ သို့သော် သူ စိတ်ထဲထင်တာပဲဖြစ်ပေလိမ့်မည်ဟုသာ ဖြည့်တွေးခဲ့ပါ၏။ ယခုတော့ ထို့နှစ်ယောက် တကယ့်ကို အချစ်ရောင်စွန်းလို့ မေတ္တာမျှသူတွေဖြစ်လို့နေသည်တဲ့။
သူ့မှာ ထိုသတင်းကို ကြားရစဉ်က အံ့သြလွန်း၍ အသံမျှပင်မပြုနိုင်။ အထူးသဖြင့် မုန်းလှသည်မှ မျက်နှာမြင်ရန်မပြောနှင့် နာမည်တောင်မကြားချင်ပါဟူသော သူက ထိုတူးခြစ်ကာ ချိုးကပ်ရုံမက ပြာကျတော့မတတ် မုန်းရသူနှင့် ချစ်ကျွမ်းဝင်လို့ မေတ္တာဆောင်နှင်းရာနောက် နှစ်ဦးသား ကောက်ကောက်ပါအောင်လိုက်သွားသတဲ့။ ဒီတော့ ဒီထက် အံ့သြစရာကောင်းတာ ဘာရှိဦးပါမည်နည်း။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...