Chapter 38

4.2K 632 190
                                    


အခန်းထဲသို့ ဖြာကျလာပြီဖြစ်သော အာရုံဦး အလင်းရောင်ကြောင့် ယောဝေမှာ သက်ပြင်းကြီးတခုကို လေးတွဲစွာ ချလိုက်ပါသည်။ မကြာခင် မိုးစင်စင်လင်းပေတော့မည်။ ဒီညလည်း တညလုံး အိပ်မရ။ အိပ်မရသည်ထက် မအိပ်ရဲခြင်းဟုဆိုလျှင် ပိုမှန်မည်ထင်သည်။ ထုံးစံအတိုင်း အိပ်မက်ထဲဝယ် ခင်ပွန်းသည်နှင့် တွေ့ပါလျှင် သူ ဘယ်နှယ့် မျက်နှာပြရပါ့။ သူ့ကို သစ္စာမရှိသူဟု အပြစ်တင်လေမလား။ ခင်ပွန်းသည်၏ သွေးသားကိုမှ ဖျားယောင်းပါသည်ဟူသော စွဲချက်ဖြင့် သူ့ကို ရွံမုန်းလေလိမ့်လား။ အိပ်မက်တခုဖြစ်သည့်တိုင် သူရင်မဆိုင်ရဲပါပေ။

"ဟင်း"

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းရှည်ကြီးတခုချပြီးသည့်နောက်ဝယ် ကျိန်းစပ်နေပါသော မျက်လုံးများကို သက်သာစိမ့်ငှာ မျက်တောင်သုံးလေးချက်မျှ ခတ်လိုက်ပါသည်။ အိပ်မရတော့မည့်အတူတူ အိပ်ရာထဲမှ ထကာ  အိမ်စေတစ်ဦးအား လှမ်းခေါ်လိုက်ပါသည်။

"အမိန့်ရှိပါ့ အရှင်ယောဝေ"

"ကျုပ် ရေချိုးမယ်။ ရေအေး ပြင်ချေ။"

"မှန်ပါ့။"

အိမ်စေအမျိုးသမီးထွက်သွားသည်နှင့် ရေအိမ်ခဏဝင်လိုက်သေးသည်။ ရေအိမ်မှထွက်တော့ ချိုးရန်ရေက အသင့်ဖြစ်လို့နေပြီ။ ထို့ကြောင့် ရေချိုးဆောင်ဘက်သို့ကူးကာ ရေချိုးကန်ထဲဝယ် တကိုယ်လုံးစိမ်နေလိုက်သည်။ အေးစိမ့်နေသောရေက သူ၏ ထုံထိုင်းနေသော စိတ်အစဉ်ကို အနည်းအကျဉ်းတော့ လန်းဆန်းစေသည်။ အချိန်လည်းရှိသေးသည်ဖြစ်ရာ ထိုထက်ပို၍ လန်းဆန်းလို လန်းဆန်းငြား အတန်ကြာသည်အထိ ရေစိမ်နေလိုက်သည်။ သို့သော်လည်း အတွေးတို့က ခင်ပွန်းထံသို့တပိုင်း ဟိုသတ္တဝါဆီသို့ တစ်ပိုင်းရောက်သွားချိန်ဝယ် စိတ်တို့က ထိုင်းမှိုင်းသည်ထက်ပင် ထိုင်းမှိုင်းလာတော့သည်။ ဒီကိစ္စက တခြားကိစ္စတွေလို အချိန်တန်လျှင် ပြီးမည့်ကိစ္စမဟုတ်မှန်းသူသိနေသည်။ ပြီးပြတ်သွားအောင်လည်း မည်သို့လုပ်ရမည်မှန်းမသိ။

"ယောဝေရယ်.... တကယ်ဆို အဲ့ဒီညက မင်းသေသွားရမှာရယ်။ အခုတော့ အမောင့်ရဲ့ သွေးသားကိုပါ အပြစ်ရအောင်လုပ်ရက်ပါ့။"

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now