"ရှင်းဝဏ်... "
ပဲ့တင်သံလို အသံတခုက ရှင်းဝဏ်နားထဲသို့ ရိုက်ခတ်လာသည်။ ထိုအသံမှာ အမျိုးသမီးတဦး၏ အသံဖြစ်ပြီး ဇေဒါဆိုသော လူပင်းယသူနှင့် တွေ့ခဲ့စဉ်က ကြားခဲ့ဖူးသောအသံဖြစ်သည်။ ဘေးဘီကြည့်ကာ အသံပိုင်ရှင်ကို ရှာသော်လည်း ပိတ်ပိတ်အောင် မှောင်နေသော အမှောင်ထုကြီးမှလွဲ၍ ဘာမှမတွေ့။ တဖန် ခန္ဓာကိုယ်က လေဟာနယ်တွင် လွင့်မြောသလို ခံစားနေရသည်။
"ရှင်းဝဏ်... မင်းရဲ့ ရည်ရွယ်ချက် ဘာတုန်း။ မင်း ဘာကြောင့်မို့ မွေးဖွားလာရတာတုန်း။"
"......."
ရှင်းဝဏ်မှာ ထိုမေးခွန်းများကြောင့် တွေဝေသွားသည်။ ထိုမေးခွန်းများအတွက် အဖြေက သူ့၏ ရင်တွင်းတနေရာရာဝယ် ရှိသည်ကို သိပါသော်ငြား မည်သို့မည်ပုံ ရှာဖွေတူးဖော်ရမည်ကို မသိပါချေ။ ဤတွင်သူ့ခမြာ ဗျာများသွားရပါတော့သည်။ သူလည်း ထိုအဖြေကို သိချင်လွန်းလှပါဘိ။
"မောင်မင်းမေ့လျောနေပြီပေါ့လေ။ ဟုတ်စ။"
အတန်ကြာ၍ သူ့ထံမှ ဘာစကားမျှ မကြားရလေလျှင် အသံရှင်က ကြိမ်းမောင်းသလို ဆိုလာသည်။ မတတ်နိုင်။ မသိသော အဖြေတခုကို သူ ဘယ်လိုပေးရမှာလဲ။
"ခင်ဗျား သိရင် ပြောစမ်းပါ့။"
"အလို..! ရက်စက်ပါ့ပေကောကွယ်။ မင်းရဲ့ အချစ်ကို ဘဝလို သဘောထားပြီး နာကျင်မှုကို ဖက်တွယ်ထားတဲ့ သူသာ သိရင် ဘယ်လောက်များ ရင်ကွဲလေလိမ့်မတုန်း။"
အသံရှင်က တော်တော့်ကို စိတ်ပျက်သော လေသံဖြင့်ဆိုလာလေတော့သည်။
ရှင်းဝဏ်မှာ ထိုအသံရှင်၏ ပြောစကားကို နှလုံးသွင်း၍ မဟုတ်သော်ငြား အပြစ်ကြီးတခုကို ကျူးလွန်နေသူလို ခံစားရပါ၏။ သို့သော် ထိုအပြစ်တို့ကို ဘယ်နှယ့် ပေးဆပ်ရမှာတုန်း။
"မင်းကလေ အင်မတန်မှ ရက်စက်လွန်းရဲ့။ အသက်ဝိညာဉ်တည်သမျှ သူ့ကို ချစ်ပါ့မယ်ဆိုတဲ့ အလိမ်အညာစကားကို ဘယ်လိုများပြောထွက်..."
ထိုအသံရှင်၏ စကားက ရှင်းဝဏ်အား ဒေါသအမျက်ထွက်သွားစေသည်။ ထို့ကြောင့် လှစ်ခနဲလွတ်သွားသော အသိစိတ်နှင့်အတူ ပြန်လည်အော်ငေါက်လိုက်ပါသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...