ရှင်းဝဏ်နှင့် ယောဝေမှာ ဘုရင်မင်းမြတ်နှင့် ကြင်ယာတော် သျှင်နန်းယာတို့နှင့်အတူ မနက်စာကို လက်စုံစားသောက်ပါ၏။ ထို့နောက် ကျေးဇူးတင်စကားနှင့် နှုတ်ဆက်စကားဆိုကာ နန်းတွင်းထဲမှ ထွက်ခဲ့တော့သည်။ သျှင်နန်းယာက သဘောကောင်းစွာပင် သူပိုင်ဆိုင်သော Unicorn နှစ်ကောင်အား ငှားယမ်းလိုက်သည်။ လိုရာရောက်လျှင် ဇောင်းကြိုးများဖြုတ်ကာ လွှတ်ပေးလိုက်သည်နှင့် Unicorn တို့သည် ပိုင်ရှင် အရှင်သခင်ထံ ပြန်ပြေးလာလိမ့်မည်ဆိုသည့်အကြောင်းပါ မှာလိုက်သေး၏။ ထို့အပြင် လမ်းခရီးတွင် စားရန် အစားအသောက်တချို့ပါ ထည့်ပေးရန် အစေအပါများကို အမိန့်ပေးလိုက်သေးသည်။
ဤမျှ ဘုရင်နှင့်ကြင်ယာတော်က စေတနာပါပုံထောက်လေလျှင် သူတို့နှစ်ဦးအား မင်းစိုးရာဇာအတန်းလွှာကမှန်း သဘောပေါက်ကြပုံပင်။ သာမာန်အသည်သားလောက်ကို တော်ဝင်အတန်းအလွှာမှ ထိုမျှအထိ ကျေးဇူးပြုနေစရာအကြောင်းမရှိ။ အကျိုးကျေးဇူးတစ်ခုမရနိုင်ပါပဲ ဘယ်သူက ဤကဲ့သို့ ကူညီပါ့မည်နည်း။
"အရှင်ယောဝေ.... အရှေ့ဆို နားကြမလားကော။"
ရှင်းဝဏ် သူ့နောက်နား ခပ်လှမ်းလှမ်းမှ ထပ်ချပ်မကွာပဲ လိုက်လာသော ယောဝေအား လှမ်းမေးလိုက်ပါသည်။ သူတို့နှစ်ဦးမှာ တနေကုန်မရပ်မနားပဲ ခရီးပြင်းနှင်လာရာ ယခုဆို ဇန်နိုရာနှင့် သိပ်မဝေးတော့ပါပေ။ ထို့အပြင် ညနေလည်းစောင်းနေပြီဖြစ်ရာ တည်းခိုစရာနေရာတွေ့လျှင် အနားယူ တည်းခိုသင့်လေပြီ။
"ကောင်းလေပြီ။"
ယောဝေကတော့ ခပ်ပြတ်ပြတ်အသံဖြင့် ပြန်ပြောလိုက်ပါသည်။ သူကတော့ မာမာချာချာရှိသော သူမို့ တနေကုန်တညလုံးခရီးနှင်လည်း ပြဿနာမရှိသော်ငြား ထိုသတ္တဝါလေးက ခေါင်းမှ ထိခိုက်ဒဏ်ရာကြောင့် သတိလစ်နေရာမှ မနေ့တနေ့ကမှ ပြန်လည်သတိရလာသူ။ ထို့ကြောင့် ဒင်း အနားယူနိုင်ရန် အလိုက်သိစွာပင် ခေါင်းညိတ်ပြလိုက်ပါသည်။ တော်ကြာ သူ အတင်းခရီးနှင်နေလို့ ဒင်းတခုခုဖြစ်ရပါတယ် ဖြစ်နေဦးမည်။
နှစ်ဦးသား သိပ်ကြာကြာတော့ ဆက်မသွားရပါ မှောင်ရီပျိုးစအချိန်တွင် ခရီးသွားများအတွက် ရည်ရွယ်ကာ ဆောက်လုပ်ထားသော သစ်သားအိမ်လေးတခုဆီသို့ ရောက်ရှိသွားတော့သည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...