ရွှေရောင်ငွေရောင်တို့ဖြင့် တဖြတ်ဖြတ်လဲ့နေကာ ဇဗ္မူတခွင်တွင် အတုမရှိနိုင်သော ထယ်ဝါခြင်းမျိုးနှင့် ခန့်ညားတင့်တယ်လှပါသော နန်းဆောင်ထဲသို့ဝင်သည်နှင့် မင်းမူထမ်းတစ်ဦးက ဆီးကြိုကာ စာကြည့်ခန်းရှိရာဆီသို့ ယောဝေအားခေါ်ဆောင်လာတော့သည်။"အရှင်မင်းမြတ် အထဲမှာရှိကြောင်းပါ အရှင်ယောဝေ။"
ယောဝေ ထိုအမှုထမ်းအား ခေါင်းညိတ်ပြကာ စာကြည့်ခန်းတံခါးဝတွင်ရပ်လိုက်ပါသည်။ ထို့နောက် မတိုးမကျယ်သော အသံဖြင့်...
"ဘုန်းတော်ကြီးမြတ်ပါသော အရှင်မင်းမြတ်.. ကျွန်တော်မျိုး ယောဝေ အရှင်မင်းမြတ်ရဲ့ ဘုန်းတော်အောက် အခစားဝင်ရန် ရောက်ရှိနေကြောင်းပါ။"
"ဝင်ရောက်ခစားစေ မောင်မင်း"
ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရသည်နှင့် ယောဝေမှာ စာကြည့်ခန်းထဲသို့ သိမ်မွေ့သော်လည်း ပြတ်သားသောခြေလှမ်းတို့ဖြင့် လှမ်းဝင်ကာ စင်မြင့်ထက်ရှိ စာကြည့်စားပွဲနောက်တွင် ထိုင်နေသော ဘုရင်မင်းမြတ်အား ဒူးထောက်ခစားလိုက်ပါသည်။
"အရှင်မင်းမြတ်အား အရိုအသေပြုကြောင်းပါ။"
ဘုရင်မင်းမြတ်ကား ယောဝေကို မြင်သည်နှင့် ထိုင်ရာမှ ထကာ သူ့အား ဒူးထောက်ခစားနေသော ယောဝေထံ လျှောက်သွားရုံသာမက ကိုယ်တိုင်ကိုယ်ကျပင် ဆွဲထူကာ...
"ထပါ မောင်မင်း။"
"မှန်လှပါ။ ကျေးဇူးကြီးလှပါတယ် အရှင်မင်းမြတ်"
ထိုနောက် ယောဝေကို ကြင်နာစွာဖြင့် ခြေဆုံးခေါင်းဆုံးတချက်ကြည့်ကာ...
"အိမ်း.... မောင်မင်းအတော့်ကို ပိန်သွားလေတာပဲကွယ့်။ မောင်မင်းရဲ့ ခင်ပွန်းသည်အတွက် ပူဆွေးရတာတွေ မပြေသေးဘူး ထင်ရဲ့။"
"မှန်လှပါ။ ကျွန်တော်မျိုးရဲ့ ခင်ပွန်းသည်ကို စောင့်မျှော်နေဆဲပါ အရှင်မင်းမြတ်"
ယောဝေက ခင်ပွန်းသည် သေဆုံးသည်ကို လက်မခံနိုင်ကြောင်းကို ဘုရင်မင်းမြတ်အား သွယ်ဝိုက်စွာပြောလိုက်လျှင် ဘုရင်မင်းမြတ်မှာ သဘောပေါက်သူပီပီ ပြုံးလိုက်ပါသည်။ တချိန်တည်းမှာပင် ခေါင်းမာလွန်းလှသော မွေးစားသားဖြစ်သူအား သနားဂရုဏာသက်မိပါတော့သည်။ ယောဝေလို သူကောင်းပြုခံရသည်အထိ ထူးချွန်ပါသော စစ်သည်တော် တယောက်က အသည်းကွဲ ဝေဒနာကြောင့် စိတ်လေလွင့်ကာ သူရူးတစ်ဦးလို ပြုမှုရုံသာမက လူတောပင်မတိုးတော့သည်မှာ မဖြစ်သင့်သလို နုမြောစရာလည်း ကောင်းလွန်းလှသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...