"ကျွီ......"ခြောက်ကပ်တိတ်ဆိတ်နေပါသော ညယံဝယ် တံခါးပတ္တာ၏ အက်ရှရှ ညည်းညူသံက မနှစ်မျို့ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာတော့သည်။ အိမ်ရှေ့တံခါးကား စိတ်လက်မပါစွာ ပွင့်ဟသွားသည့်နောက်ဝယ် ခပ်မည်းမည်းသဏ္ဌာန်တစ်ခုသည် အမှောင်ထုထဲမှ ရုန်းကန်ထွက်လာရသလို့ လှုပ်တိလှုပ်လဲ့ဖြင့် အခန်းတွင်းသို့ ဝင်ရောက်လာတော့သည်။
"ဘတ်.... ဘတ်.... ရှပ်... ရှပ်... ရှပ်"
လေးလံသော ခြေလှမ်းနှင့် တစုံတရာကို ဒရွတ်တိုက်ဆွဲလာသော ထိုအရာသည် သူ့ထံသို့ ဦးတည်၍လာသည်ကို ယောဝေ သိနေပါ၏။ ထို့ကြောင့် မျက်လုံးကို ဖြတ်ခနဲဖွင့်ကာ လှဲနေရာမှ ထထိုင်လိုက်ပါသည်။
မီးလင်းဖိုက မီးငြိမ်သွားပြီရာ အခန်းတခုလုံးမှာ မှောင်မဲနေသည်။ သို့ဖြစ်ရာ သူ၏ ညအမြင်ကို အားကိုးကာ အသံလာရာဆီသို့ကြည့်လိုက်သည်။ အမှောင်ထဲဝယ် ယိမ်းတိယိမ်းယိုင် လေးတိလေးကန်နှင့် ဒရွတ်ဆွဲကာ လျှောလာဟန်ရှိပါသော ထိုသဏ္ဌာန်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး အဝတ်အစားတို့က စုတ်ဖွာကာ ရွှံ့များ သွေးများနှင့် ရွှဲနစ်နေသည်။ သူမ၏ ဘယ်ဘက်ပါးတခြမ်းတွင် အသားစတို့ ကွာကျနေပြီး ညာဘက်ပုခုံးတွင် အသားစိုင်တို့လုံးလုံးမရှိတော့။ လည်ချောင်းရိုး တခြမ်းနှင့် ညှပ်ရိုးတို့က အတိုင်းသား။
Demon ဟူသည်ကား နှလုံးသားနှင့် ဦးနှောက် မပျက်မစီးမချင်း၊ လည်ပင်းတခုလုံး မပြတ်ထွက်မချင်း လက်ခြေတို့ ပြတ်ထွက်လျှင်တောင် အသစ်တဖန်ပြန်ပေါက်နိုင်သည်။ ထို့ကြောင့် ထိုအမျိုးသမီး၏ ဒဏ်ရာတို့သည် သေလောက်သော ဒဏ်ရာမဟုတ်ပါချေ။ သို့သော် ခြောက်သလောင်းနေပြီဖြစ်သော ထိုဒဏ်ရာတို့ကား အတိုင်းအတာတခုအထိတော့ အသားစတို့ အသစ် ပြန်လည်ဖြစ်တည်သင့်ပြီဖြစ်သည်။ သို့တိုင်အောင် ယခုတိုင် ခန္ဓာကိုယ်၏ သဘာဝစနစ်က မတုန့်ပြန်သေး။ ဘာလို့များတုန်း။
"မောင်ကြီး... လာတာ နှမငယ် ဝမ်းသာပါ့။"
ဟုတ်ပါသည်။ ဤအမျိုးသမီးကား သူ၏ နှမငယ် ယွန်းသူဇာပင် ဖြစ်ပါတော့သည်။ သူမက ဝမ်းသာအားရဖြင့် ဆိုလာသည်ကို ခံစားရပါသော်လည်း သူ၏ အသံကား နာကျင်မှုကြောင့် ညည်းညူနေသော အသံနှင့်သာ တူပါ၏။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...