ယောဝေမှာ မျက်လုံးနှစ်လုံးမဖွင့်ခင်မှာပင် အသိအာရုံထဲသို့ တိုးဝင်လာသော ခေါင်းကိုက်ဝေဒနာကြောင့် နားထင်နှစ်ဖက်ကို လက်ချောင်းများဖြင့် ဖိထောက်ကာ ညည်းတွလိုက်ပါသည်။
"အင်း..."
ခေါင်းတခုလုံးက အိမ်ရိုက်သံထုသော တူဖြင့် အဆက်မပြတ် အထုခံသလို တစ်ဒိတ်ဒိတ်နှင့် နာကျင်လှသည့်အပြင် လည်ချောင်းဝက မီးစနှင့် ထိုးခံရသည့်နှယ် ပူလောင်ကာ ခြောက်ကပ်လျှက် အက်ကွဲမတတ်ရှိချေ၏။ ဒီကြားထဲ ရီဝေဝေအရှိန်က သိပ်မကုန်ချင်သေး။ ညက သူ ဘယ်လောက်တောင် သောက်လိုက်လို့လဲ။ သူပြန်စဉ်းစားရင်းမှ ညက အိပ်မက်ကို သတိရသွားသည်။ တော်တော်ကို လှသည့် အိပ်မက်။ အမောင်က သူ့ကို အိပ်ရာထဲအထိ ပို့ဆောင်ကာ အနမ်းမိုးစွေသတဲ့။ ထိုအနမ်းက အစစ်အမှန်မဟုတ်သည့်တိုင် နှုတ်ခမ်းထက်ဝယ် စွဲကျန်နေသလိုလို။ တဖန် ထိုသို့ သတိရမိသည်တွင် ခေါင်းကိုက်နေသည်ပင် အတော်အတန် ပျောက်ကွယ်သွားသလိုလို။
ယောဝေ ဝေဒနာတဝက် အပြုံးတပိုင်းဖြင့် အိပ်ရာမှ ထကာ ကုတင်စွန်းဝယ် ထိုင်လိုက်သည်တွင်....
"အရှင်ယောဝေ ဝင်ခွင့်ပြုပါကော။"
"ဝင်ခဲ့လေကွယ်"
ယောဝေ ခွင့်ပြုစကားအဆုံးဝယ် အိမ်တော်ထိန်းအိုမခ တစ်ယောက် အိပ်ခန်းဆောင်အတွင်းသို့ ဝင်လာခဲ့တော့သည်။ လက်ထဲတွင်လည်း အမူးအမောပြေစေရန်အလို့ငှာ ဖျော်စပ်ထားသော ဖျော်ရည်မကာခွက်လေးကိုင်လို့။
"အမူးအမောပြေစေဖို့ ဒီအချိုရည်ကို သုံးဆောင်ပါ့ အရှင်ယောဝေ။"
အိုမခ ကမ်းပေးလာသော ခွက်လေးကို ယူကာ တကျိုက်တည်းမော့ချလိုက်သည်။ ထို့နောက် ခွက်ကို ပြန်ကမ်းပေးရင်းမှ ပြောင်းလဲနေသော အဝတ်အစားများကို သတိထားမိသည်တွင် မျက်မှောင်ကြုတ်မိတော့သည်။ သူခန္ဓာကိုယ်ကို ထိတာကိုင်တာ လုံးဝမကြိုက်ပါဘူးဆိုတာ ဘယ်သူက အင်္ကျီတောင် လဲပေးရဲတာတုန်း။ အဝတ်အစားမလဲလျှင် သေလောက်သည့် ကိစ္စများ ဖြစ်သွားလို့လား။
"အိုမခ မနေ့ညက ကျုပ်ကို အဝတ်လဲပေးတာ ဘယ်သူတုန်း။"
"အရှင်ယောဝေရဲ့ တူမောင်ပါကော"
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...