အကျဉ်းထောင်၏ လျှောက်လမ်းတို့သည်ကား ဗွက်ထမတတ်ညစ်ပတ်မှုတို့ကို နံရံတွင် ကပ်လျှက်ထွန်းညှိထားပါသော မီးစုန်းမီးအိမ်တို့ထံမှ မှိန်ပျပျအလင်းရောင်အစွမ်းဖြင့် မရမကအရောင်တင်နေပါသည်။ ထို့အပြင် ဆိုးရွားလွန်းလှသည့် အနံ့အသက်တို့မှာ နှစ်ပေါင်းစွာ ပိတ်လှောင်နေပါသော လေထုနှင့် ပနံသင့်ကာ ချေးညှော်အထပ်ထပ်တို့ဖြင့် ဂျွတ်တက်နေပါသော နံရံထိပင်စိမ့်ဝင်စွဲထင်ပုံပင်။ယောဝေကတော့ စက်ဆုတ်ဖွယ်ရာကောင်းသော အနံ့တို့ကို လှစ်လျူကာ အစောင့်ရဲမက်များ၏ ခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ပါသည်။ အကျဉ်းထောင်ထဲမှလျှောက်လမ်းသည်က ရဲမက်လေးဦးခန့်မျှ ပုခုံးချင်းယှဉ်လျောက်နိုင်သည်ဖြစ်ရာ ကျယ်ဝန်းသည်ဟု ဆိုရမည်။ ထိုလျှောက်လမ်းအတိုင်း ခပ်မှန်မှန်လျှောက်လာရင်းမှ လမ်းတစ်လျှောက်ရှိ အချုပ်ခန်းများ၏ ထူးခြားမူတစ်ခုကို သတိမပြုပဲ မနေနိုင်။ အချုပ်ခန်းတိုင်းသည် အကျဉ်းသားများဖြင့် ပြည့်နှက်လျှက်ရှိရုံမက အတော်များများမှာ နန်းတွင်းမှ အရာရှိများဖြစ်နေသည်။ မည်မျှများသနည်းဆိုပါက သူရောက်နေသည်မှာ ညီလာခံလား အကျဉ်းထောင်လားပင် မသဲကွဲချင်တော့။
ထိုအရာရှိတို့ကလည်း သူ့ကို စူးစမ်းသလိုကြည့်နေသည်။ သို့ပါသော်လည်း တစ်ဦးကိုတစ်ဦး နှုတ်ဆက်ရန်ပင် မဖြစ်နိုင်သော အနေဝယ် ပါးစပ်ပိတ်နှုတ်ဆိတ်၍သာနေကြဟန်တူပါသည်။
ရဲမက်တို့က သူ့အား အကျဉ်းထောင်၏ အတွင်းဆုံးရှိ အချုပ်ခန်းသို့ ခေါ်ဆောင်သွားပါ၏။ ထိုအချုပ်ခန်းက ကျန်သော အချုပ်ခန်းတို့နှင့်ယှဉ်ပါလျှင် အတော်ကြီး ကျဉ်းမြောင်းလှသည်ဟု ဆိုရမည်။ တခြားအချုပ်ခန်းတို့က အကျဉ်းသားအယောက် ၂၀ လောက် အသားလေးချုပ်ထားနိုင်သော်ငြား ထိုအကျဉ်းခန်းကတော့ ၁၀ ဦးပင် အနိုင်နိုင်သာ ကျယ်ဝန်း၏။ ထို့အပြင် လေးဘက်လေးလံ အင်္ဂတေနံရံတို့ဖြင့် အလုံပိတ်ထားပြီး တံခါးကပင် သံမဏိအချပ်လိုက်ဖြင့် ပြုလုပ်ထားသော တံခါးဖြစ်နေသည်။ သို့သော် ထိုတံခါး၏ အထက်ပိုင်းဝယ် ချောင်းကြည့်ပေါက်အဖြစ် အပေါက်သေးသေးတစ်ခုနှင့် ကြမ်းပြင်နှင့်ကပ်တွင် အစားထည့်ပေးသော အပေါက်သေးသေးတစ်ပေါက်ရှိသည်။ထိုနှစ်ပေါက်လုံးမှာတစ်ပေပတ်လည်မျှသာရှိပြီး သံတိုင်များ ကာရံထားသလို တံခါးအရှင်များတပ်ဆင်ထားသည်။
YOU ARE READING
ဖူးစာရှင် || ဖူးစာရှင်
Actionတခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ အနန္တသစ်တောဆိုတာ ရှိသတဲ့။ အဲ့ဒီ့ သစ်တောကြီးထဲမှာ Demon နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားစိတ်ဝိညာဉ်တွေကို အချစ်တွေနဲ့ ထာဝရချည်နှောင်ခဲ့လေရဲ့..... တခါက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ မဆုံးနိုင်...