Chapter 40

3.9K 582 62
                                    


ရှင်းဝဏ် မျက်လုံးနှစ်လုံး ပွင့်သည်နှင့် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ အချိန်အားဖြင့်တော့ ရောင်နီပျိုးစသာရှိသေးသည်။ ပုံမှန်ထနေကျအချိန်ထက် အနည်းစောသည့်တိုင် အိပ်ရာထဲဝယ် နှပ်မနေနိုင်။ ချက်ချင်းထကာ အိမ်စေအမျိုးသမီးကို မနက်စာ ပြင်စေသည်။ သူကတော့ မနက်ခင်း လုပ်ငန်းဆောင်တာများအတွက် လုပ်စရာရှိသည်ကို မြန်မြန်လုပ်ကာ မနက်စာစားသည်။ ပြီးလျှင် ချစ်ရသူ၏ အိမ်တော်သို့ ခပ်သွက်သွက် ဦးတည်ခဲ့တော့သည်။

ချစ်ရသူအိမ်က သူ့အိမ်နှင့်ဆို တောင်နှင့်မြောက်ဖြစ်သော်လည်း ကျောင်းသွားသည့် လမ်းနှင့်တော့ လမ်းကြောသင့်၏။ အကွာအဝေးအားဖြင့် ချစ်ရသူအိမ်ရောက်ဖို့ နာရီဝက်ခန့်ပင် မကြာပါပေ။ ယခုလို ခြေလှမ်းကျဲကျဲနှင့် မြန်မြန်လျှောက်လျှင် ငရုတ်သီးတဆုံကို ညက်နေအာင်ထောင်းစာမျှဆို ရောက်ပြီဖြစ်သည်။

သူ ခြံဝရောက်ချိန်တွင် အာရုံဦးကျော်၍ မနက်ခင်းစောစောတော့ရှိပြီဖြစ်သည်။ ဤကား တော်တော်ကြီးကို စောနေသေးပါ၏။ သို့သော်လည်း နောက်ကျသည်ထက် စာလျှင်တော့ အများကြီးကောင်းသေး၏။ မဟုတ်လို့ကတော့ ချစ်ရသူက နည်းနည်းမျှ စောင့်မည့် ပုံမပေါ်။

ရှင်းဝဏ် ဟိုရက်တွေက ရပ်နေကျ သစ်ပင်ကြီးအောက်တွင် မယောင်မလည်ဖြင့် ရပ်နေလိုက်ပါသည်။ ထိုစဉ် ခြံထဲမှ ခြံစောင့်ကြီး ထွက်လာပြီး သူရှိရာသို့ လျှောက်လာသည်။ သူ့ ရှေ့တည့်တည့်ရောက်လျှင် ဦးညွှတ်၍ အရိုအသေပြုကာ....

"ဂါရဝပြုပါရဲ့ သခင်လေး။ အထဲကြွပါကော။"

ရှင်းဝဏ်မှာ ထိုဖိတ်ခေါ်စကားကြောင့် ယောင်နနဖြင့် ပြန်ကြည့်မိတော့သည်။ ခြံစောင့်ကြီးကလည်း မျက်နှာရိပ်မျက်နှာကဲသိသူဖြစ်သည့်အလျောက် သူ့ကို အထဲခေါ်ရသည့်အကြောင်းကို ရှင်းပြရှာသည်။

"အရှင်ယောဝေက သခင်လေးကို ဧည့်ဆောင်မှာ စောင့်စေဖို့ မှာထားလို့ပါကော။"

ကြည့်ရသည်မှာ မနေ့ညကပြောမိပါသာ စကားကြောင့် သူ့အနေဖြင့် တိတ်တိတ်ပုန်းချစ်သူလို မခံစားရစေရန် ချစ်သူလေးက တတ်နိုင်သမျှ အဆင်ပြေလောက်သည့် အခြေအနေတရပ်ကို ဖန်တီးပေးပုံပင်။ ဒီလိုကျတော့လည်း သူ့အတွက် စဉ်းစားပေးရှာသားဟူသော အတွေးဖြင့် သူမှာ အကျေနပ်ကြီး ကျေနပ်ကာ အချစ်ပိုရပါတော့သည်။ 

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now