16. Ashes

21K 2.1K 962
                                    

(Zawgyi)

ဒီလက်ချောင်းလေးတွေကို ပထမဆုံးအကြိမ် ကိုင်ဆွဲခွင့်ရခဲ့တုန်းက သူ့ဘဝမှာ နွေးထွေးမှုဆိုတာ ကို ပထမဆုံးအကြိမ်ခံစားခဲ့ဖူးတာ။

သူပျော်ရွှင်ချိန်တိုင်း

ဝမ်းနည်းချိန်တိုင်း

အားငယ်ချိန်တိုင်း

ဒီလက်ချောင်းသွယ်သွယ်သေးသေးလေးတွေနဲ့ သူ့လက်နဲ့ ယှက်လိုက်တဲ့အခါတိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို ခွန်အားတစ်ခု စီးဆင်းသွားသလို ခံစားရတဲ့အထိ သူ့အပေါ်မှာ လွှမ်းမိုးမှုရှိခဲ့သည်။

"ကလေးလေး ဘယ်တုန်းကပြန်ရောက်လာတာလဲ"

ကုတင်ဘေးကြမ်းပြင်မှာ ထိုင်ပြီး ကုတင်ပေါ် မေးတင်ကာ သူ့ကိုငေးကြည့်နေတဲ့ လန်ကျန့်ကိုကောက ယဲ့ယဲ့လေးပြုံးပြသည်။

"ခုလေးပဲရောက်တာ"

သူရောက်နေတာ တစ်မနက်ရှိပြီ ကော အိပ်ပျော်နေတာ မနှိုးရက်လို့ဆိုတာ မပြောတော့။

အရမ်းအားနည်းလာတဲ့ ကောက ကုတင်ပေါ်မှာ လှဲနေရက်တောင် နစ်ဝင်ပြီးပျောက်ကွယ်သွားတော့မလို။

တဖြည်းဖြည်း အားနည်းလာကာ ခဏခဏ နှလုံးက ထဖောက်ပေမယ့် ကောက ဆေးရုံမသွားတော့ဖို့ ရွေးချယ်လိုက်တာမို့ အိမ်မှာပဲ နှစ်ဆယ့်လေးနာရီ ပြုစုထားရသည်။

လန်ကျန့်လဲ ကောနဲ့အတူ ဒီအိမ်လေးမှာပြောင်းနေပေမယ့် တစ်ခါတစ်လေ ရှောင်လွှဲမရတဲ့ အလုပ်ကိစ္စတွေရှိရင်တော့ ခရီးထွက်နေရတုန်း။

သူခရီးက တစ်ခါပြန်လာတိုင်း ကောအခြေအနေက တစ်ထစ်ပိုဆိုးသွားတယ်ထင်ရသည်။ ကော ပြန်မကောင်းနိုင်တော့ဘူးလို့ သူလက်မခံချင်ပေမယ့်လည်း စိတ်က အလိုလိုသိနေသည်။

"ဒီတစ်ခါ မကာအိုသွားတာ ဝေ့ရင်းကိုမတွေ့ခဲ့ရဘူးလား"

သူခရီးသွားရပြီဆိုတိုင်း ကောက သတိတရနဲ့မေးရှာပါသည်။ ကောက ဝေ့ရင်းနဲ့ သူ့ကို တွေ့စေချင်တာကို နားလည်ပေမယ့် အဲ့လိုတွေးလိုက်တိုင်း သူ့ကိုတစ်​ယောက်ထဲထားခဲ့ရမှာ စိတ်မချဖြစ်နေတဲ့ ကောကို သနားမိသည်။

FIRE WATERWhere stories live. Discover now