1543
အပိုင်း (၁)
#1543“တိမ်တွေပျံလာတာ မော့ကြည့်လို့ သီချင်းဆိုတာ ကောင်းတယ်...မင်းကြောင့်မို့🎼 မင်းကြောင့်မို့ သီချင်းကလေးဆိုချင်တယ်..🎼.မြေပြင်ပေါ် လူတွေ အားလုံးပေါ့ ပြုံးပျော်နေလားကွယ်..မင်းကြောင့် မို့ မင်းကြောင့်မို့ ပြုံးလိုက်ကြပျော်ရွှင်တယ်..🎼
ရင်ခုန်တယ် ချစ်ရတာ အရာရာ ပြောင်းလဲခဲ့ပါတယ်..
ရင်ခုန်လို့ ချစ်တက်ပြီ ဒါဟာ မင်း.. မင်းကြောင့်နော်..လာပါလာပါကွယ်တွေ့ကြဖို့ စောင့်နေတယ် အချစ်ရယ်..မင်းကြောင့်မို့ မင်းကြောင့်မို့ တမ်းတတက်နေပြီကွယ်..
လာ...လာ...လာ....လာ....လာ.....
မင်းကြောင့် မင်းကြောင့်ပါနော်...အရမ်းပဲ ချစ်တက်ပြီ...
မင်းကြောင့် မင်းကြောင့်ပါနော်...လွမ်းလည်း လွမ်းတက်ပြီ...ရင်ခုန်သံတွေ သိပ်မြန် ကြင်နာပါတော့ကွယ်..အသည်းနှလုံး လှိုက်လို့ ခုန်တော့ အားလုံး မင်းကြောင့်ကွယ်...”
“မင်း ကြောင့်...”
“နင့်ကြောင့်...”
“အောင်မလေး ...ကြီးကြီး....ရယ်.....လန့်လိုက်တာ...”
သစ် အလုပ်သွားဖို့ ပြင်ဆင်ရင်း ဟေမာနေ၀င်း သီချင်းလေး ဆိုနေတာ ကို ကြီးကြီး အော်လိုက်လို့ လန့်သွားရတာ...ကြည်နူးနေတဲ့ စိတ်ကလေး ဘယ်ပျောက်သွားမှန်းတောင် မသိတော့ပါ..။
“သစ် ဘာလုပ်လို့လည်း..”
“မနေ့က ငါ ကြော်ထားတဲ့ ပုဇွန်ခြောက်ကြော်ဘူးကော..ဘယ်မှာတုန်း..”
“သြော်..ဒါလား...”
သစ် စဉ်းစားရခက်သွားသည်..။
ကလေးကို ပေးလိုက်တယ်ပြောရင်လည်း ကြီးကြီး ကကျိန်အုံး ဆဲအုံးမည်မှာ မလွဲ...။
ဒါဆို ကလေး စားရင် အရသာ ဘယ်တွေ့မလည်း...
“ညည်း..လင် မြိုဖို့ ပေးလိုက်ပြီမလား..”
“အိုး...အဲလို မပြောပါနဲ့ ကြီးကြီးရယ်...ကလေးက ဒုတိယနှစ်ဆိုတော့ စာတွေက တစ်ဖက် အလုပ်ကလည်း အချိန်ပိုင်းပြေးလုပ်ဆိုတော့ ကလေး စားဖို့ အခက်အခဲဖြစ်နေတာကို သူများက ကြည့်နေနိုင်ပါ့မလား..”
“သြ..သြ....မကြည့်နေနိုင်လို့ ပေးတာ အိမ်က ပစ္စည်းတွေကုန်လို့ မီးဖိုချောင်ဘက် ရောက်လာပြီလေ...ရွက်သစ်ဝေ...ညည်း တစ်နေ့ ဒုက္ခရောက်လိမ့်မယ်..”
“နေ့တိုင်းရောက်နေတာပါ ကြီးကြီးရယ်..”
သစ် ညီးတွားပြီး ခေါင်းကုတ်ရင်း ပြောလိုက်တော့ ကြီးကြီးက မေးပင့်ခါ..
“အခုသိပြီမလား..”
“ဟုတ်ကဲ့...ကြီးကြီး ကို ရန်ကုန်ကို အဖော်လိုက်နေပေးဖို့ ခေါ်ပြီးကတည်းကပဲ..ဆူခံနေရတာ နေ့တိုင်း..သူများသိပါပြီ...”
“ဘာ..”
“ကြီးကြီး မဆူရင် သူများလည်း နားသက်သာတာပေါ့..”
“ဟဲ့..ငတုံးမ..ငအမ...မလည်မ၀ယ် မရူးမကောင်းနဲ့ လူတွေ ကို ဘာမှတ်နေလည်း ဟမ်...ငယ်ငယ်ကတည်းက မိဘ မရှိလို့ ဖွားအေနဲ့ ငါ့ လက်ထဲကြီးလာတာ အခု ငါ့ဆီမှာ အေးအေး နေရတာကိုး ဘာကိစ္စ ရန်ကုန်မှ ရန်ကုန် ဖြစ်ရတာတုန်း...”
“ကြီးကြီး ရယ်...အသက်တွေကြီးတော့ အလုပ်မလုပ်စေချင်လို့ပေါ့...သစ်လည်း ဘွဲ့ရအောင် ကြီးကြီးတို့ချည်း တာ၀န်ယူခဲ့တာပဲလေ..ခု ဘွဲ့ရပြီးတော့ အလုပ်ရှာတာကလည်း ဒီမှာ ဆိုတော့ ပိုအဆင်ပြေတာပေါ့ ကြီးကြီးရဲ့..အခု ကြည့်လေ အလုပ်လုပ်နေတာ တစ်နှစ်ပြည့်ပြီး ဘယ်လောက်ကောင်းသလည်း...မလည်မ၀ယ်လို့ မပြောပါနဲ့ ကြီးကြီးရဲ့...လည်လွန်းလိုပဲ ရည်းစားလေး တစ်ယောက် တောင် ရခဲ့ရပြီ...ဟီး...”
“နင့် အကောင်က ကလေးလိုလို ခွေးလိုလို နဲ့ ယောင်္ကျားပိုင်လုံး..”
“အမလေး..လေး...ကြီးကြီး ရယ်...မတော်မဆ ကလေး ကြားသွားမှဖြင့် စိတ်မကောင်းဖြစ်နေပါအုံးမယ်...ကြီးကြီး ကလည်း သူများကို စိတ်ညစ်အောင် သိပ်လုပ်တာပဲ အလုပ်သွားခါနီး အပျော်စိတ်ကလေးတွေ ကြိုးစားမွေးနေရတာ ရုံး ရောက်တာနဲ့ ဆူခံ ရအုံးမယ်..”
“နင့် ကိုက အသုံးကျတာ ဘာရှိလည်း..”
ကြီးကြီး က ဆက်ပြော..ဆက်ဟော..နေပေမဲ့ သစ်တို့ကတော့ အ၀တ်အစားထုတ်လိုက် ခေါင်းလေး ဖြီးလိုက်ဖြင့် အချိန်မှီအောင် လုပ်နေရသည်..။
“ကော်ဖီ သွား၀ယ်ခိုင်းတယ်...ကော်ဖီ ထုတ် မေ့ပြီး နို့ဆီ ပါလာတယ်..သွားတိုက်ဆေး..လမ်းကြုံ၀ယ်လာပါပြောတာ...ဆပ်ပြာမှုန့်ထုတ်၀ယ်တယ်...
ဧည့်သည် ရောက်နေလို့ အအေးလေး တိုက်ရအောင်လို့ ပြောလိုက်တာ..ရွှေပုစွန် အထိသွားပြီး ကိတ် ၀ယ်တယ်လေ...ဒါလား...
လည်လည်၀ယ်၀ယ်မရဲ့...”
“ဟီး..မေ့တက်လို့ပါ ကြီးကြီး ရယ်...ခုလည်း ကြီးကြီး ပြောနေတာနဲ့ ဘာတွေလည်း မသိဘူး မေ့ကုန်ပါပြီကော....သိပ်စိတ်ညစ်တာပဲ..သူများ...ကို စိတ်ညစ်အောင်မလုပ်ကြပါနဲ့...”
“ကောင်းပါပြီတဲ့တော်...နင့်လင်ဆီက ပုဇွန်ခြောက်ကြော်ဘူး တစ်၀က်ပြန်ယူလာခဲ့...တကယ်ပဲ..စေတနာကို မရှိဘူး..”
‘ဟွန့်..”
ကြီးကြီး က အခန်းထဲက ထွက်သွားတော့မှ မေ့နေတာ ဘာလည်း ဦးနှောက်ခြောက်အောင် ပြန်စဉ်းစားရတော့သည်...။
၁၅မိနစ်လောက် ကြာမှ သတိရလိုက်တာ.ဖိုင်တွေ ဘီဒိုပေါ်မှာ ကြည့်စမ်း မေ့သာ သွားရင် အလုပ်ပြုတ်ပြီ...။
သစ် အလုပ်တွေကို အာရုံစူးစိုက်ပြီး အကောင်းဆုံး လုပ်နေပေမဲ့ စိတ်တွေက တစ်နေရာတည်း ဘယ်တော့မှ မနေတော့ လုပ်လက်စကို ခဏခဏ မေ့သွားရသည်..။
“ဆရာကလည်း သူများဆို သိပ်နှိမ်တာပဲ..”
“အိုး..အဲ သူများဆိုတာကြီးကျတော့ မေ့ပါလား..”
ရန်ကုန်ရောက်ခါမှ နာမည်လေးတွေ တစ်လုံးတည်းပြောရတာ သဘောကျလို့ သစ် လို့ ထည့်ထည့်ပြောနေပေမဲ့ မွေးကတည်း က ပြောလာသည့် သူများကလည်း နှုတ်မှာစွဲနေသည်..။
ကလေး နဲ့ ချိန်းထားတာ နောက်ကျနေမှ စိတ်ကကောက်ရင် ချော့ရအုံးမည်..။
“ကြီးကြီး..ရေ....သစ် ...သွားပြီနော်...”
“ဟဲ့...မုန့်စား..”
“သွားပြီ....နောက်ကျနေလို့...”
ဖိနပ်ကို ဖြစ်သလို ထိုးထည့်ပြီး ကားမှတ်တိုင်ရောက်တော့မှ တစ်ခါ မှန်ပြန်ကြည့်ရသည်..။
ပိုက်ဆံအိတ်ကို ဟန်ပါပါ လွယ်ထားပေမဲ့ ခါးပိုက်နှိုက် ခြောက်ခါ ခံရပြီးနောက်တော့ ကားပေါ်ရောက်တာနဲ့ ေ၇ှ့ပို့ပြီးသား လက်အကျင့်ပါသွားရပြီ..။
ကားပေါ်က ဆင်းခါနီးကျမှ တစ်ခုခု လိုနေပါတယ်လို့ တွေးရင်း ..
ဟောတော့..မှတ်တိုင်မှာ...ထီးကျန်ခဲ့ပြီး...အိုး..
အသစ်ကလေးတော့ ကုန်ပါပြီ...။
အဲဒါပြောတာပေါ့ ကြီးကြီး တို့က သွားခါနီး လာခါနီးဆို စိတ်ညစ်အောင် သိပ်လုပ်တာပဲ...။
“ကလေး စောင့်နေတာ ကြာပြီလား...”
“မကြာပါဘူး..မမရယ်...ကလေးက တွေ့ချင်ရတဲ့သူပဲလေ..”
“အိုး...စိတ်မကောင်းလိုက်တာ...ကြီးကြီးပေါ့..သူများကို ဆူနေတာ..”
ကလေး မျက်နှာညိုးညိုးလေးကို ကြည့်ပြီး သစ် စိတ်မကောင်းလွန်းလို့ ငိုချင်လာရသည်..။
“ထိုင်ပါအုံး မမရယ်...လွမ်းလွန်းလို့ ကြည့်ပါရစေအုံး..”
သစ် ၇ဲ့ လက်နှစ်ဘက်ကို ဆွဲယူပြီး ခုံမှာ ထိုင်ခိုင်းတော့ သစ် အကြည့်တွေက ကလေး မျက်နှာဆီရောက်သွားရသည်...။
“အိုး...ကလေး ပိန်သွားလိုက်တာ...ဘာဖြစ်လို့လည်း..”
“မမ ကို လွမ်းလို့ပေါ့..”
အလိုမကျစွာ နှုတ်ခမ်းစူပြောလိုက်တော့ သစ် အသည်းယားလာလို့ နှုတ်ခမ်းလေးကို ခပ်ဖွဖွ လိမ်ပစ်လိုက်သည်..။
ပါးလေး နှစ်ဖက်ကို လက်နဲ့ ကိုင်ကြည့်တော့ မျက်နှာလေး ချောင်သွားမှန်း ပိုသိသာသည်..။
အရင်ကဆို လက်အပြည့်အောင် ဖောင်းကားနေတဲ့ ကလေးမျက်နှာလေး...။
“ကလေး..စိတ်ညစ်စရာတွေ ရှိနေတယ်မလား..”
“ဟူး...ရှိပါဘူး..မမရယ်..”
သက်ပြင်းချပြီး မှ မရှိပါဘူးလို့ ပြောတာ မဟုတ်သေးဘူး..၇ှိကို ရှိနေပြီ...မျက်နှာကလည်း ညိုးလို့..။
“ရှိကိုရှိတယ်..မမကို ပြောစမ်းပါကွယ်..”
မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်တော့မှ သက်ပြင်းချပြီး မျက်နှာကို မော့ငေးကြည့်သည်..။
“ကလေး မမကို စိတ်မချဘူး...မမ က လှလည်းလှတယ်...အရည်အချင်းလည်း ရှိတယ်...ထက်မြတ်ပြီး မိန်းမပီသတယ်..ဒီကမ္ဘာမှာ ရှားနေတဲ့ တော်လေး၀င်တဲ့ မိန်းမ တစ်ယောက်ပါ..”
“အို...ကလေး က လည်း ပိုပြီ...”
“ကလေး က ကျတော့ ရုပ်ကလည်း ရွက်ကြမ်းရေကျို...အသက်ကလည်း မမထက် ၇ နှစ်တောင်ငယ်သေး..ဒီကြားထဲ အိမ်က မပြေလည် လို့ ပိုက်ဆံ မပို့နိုင်ရင်...မမ က ထောက်ပံ့နေရတာ..ကလေး အားနာတယ်..ပြီးတော့ အားလည်း ငယ်တယ်”
“အို...ကလေးကလည်း ဒါတွေ မတွေးစမ်းပါနဲ့...အဓိက က မမအပေါ်မှာ သစ္စာ ရှိရှိ ချစ်နေဖို့ပဲ..မမ ကလည်း ကလေး အပေါ် ဘယ်တော့မှ သစ္စာ မပျက်ပဲ ချစ်နေမှာပါကွယ်..”
အားငယ်နေသော ချစ်ရသူ ပခုံးလေးကို မှီချလိုက်တော့ သူက ရင်ခွင်ထဲ ဆွဲသွင်းပြန်သည်..။
“မမ..”
“ဟင်..”
“ကလေး ကျောင်းပြီးလို့ အလုပ်ရရင်..မမ နဲ့ လက်ထပ်မယ်..”
“အင်း..”
‘ပြီးတော့..မမ က အိမ်ရှင်မလုပ် ကလေးက အိမ်ထောင်ဦးစီးပေါ့လေ..ကလေး ရုံးဆင်းရင် တူတူ ထမင်းလက်ဆုံစား..တီဗီင်္ကြည့် အိပ်တဲ့ အခါကျ မမက ရင်ခွင်ထဲ ထည့်သိပ်နော်..”
“ဟော့တော့ ပြောင်းပြန်ကြီး..”
“မမ ရင်ခွင်ထဲက ကိုယ်သင်းနံ့ သင်းသင်းလေးကို ကြိုက်လို့ပါ..”
“လူဆိုးလေး..”
“ပြီးတော့..သားသမီးတွေလည်း အများကြီး မွေးပေးရမယ်နော်..”
“ဘယ်လောက်လည်း..”
“အင်း...၈ယောက်..”
“အို...သူများ သေမှာပေါ့လို့..”
“သူများလေးရယ်..မသေလောက်ပါဘူး..”
ရင်ခွင်ထဲပိုတိုးဖက်ပြီး နဖူးကို ခပ်ဖွဖွ အနမ်းကျလာတော့ သစ် ရင်တွေ တလှပ်လှပ် ဖြစ်လာရသည်..။
သူ အဲလိုပဲ အထိအတွေ့တွေနဲ့ လူကို ထိကပါး ရိကပါး သိပ်လုပ်...။
“ကလေး ကျောင်းသွားရအုံးမယ်နော်..မမလည်း အလုပ်သွားရမယ်..”
“ဒီနေ့ ကျောင်းမသွားဘူး..”
‘ဟောတော့...စာမေးပွဲ နီးပြီဆို..”
“ဟုတ်တယ်...ဒါပေမဲ့ မသွားချင်ဘူး..မမရယ်..”
“ဘာဖြစ်လို့....”
“ကျူရှင်ဖိုးလည်း ပေးရအုံးမယ်...စာအုပ်ကလည်း ထပ်၀ယ်ရအုံးမယ်...”
“ဟယ်..ဒါကြောင့် ကလေးက စိတ်ညစ်နေတာလား..”
မြေကြီးကို အကြည့်ရွေ့ပြီး ခေါင်း ခပ်လေးလေး ညိတ်ပြနေတော့ သစ် ခေါင်းလေးကိုပုတ်ပေးလိုက်သည်..။
“ဘယ်လောက်လိုလို့လည်း..”
“ငါးသောင်း..”
သစ် စ်ိတ်ထဲ မောသွားရသည်..။
ကြီးကြီးနဲ့ တူအရီး နှစ်ယောက် ဖြစ်သလို စားနေရင်တောင် လကုန်ဖို့က ဆယ်ရက်ကျော်ကျေ်ာလိုသေးသည်မလား...။
တစ်သောင်းကျော်လေးနဲ့ ဘယ်လို နှစ်ပါးသွားရပါ့မလည်း...
အိုး..ဘာဖြစ်လည်း..ကလေး သနားပါတယ်..ကျောင်းမှာ မျက်နှာငယ်နေရှာတာ..။
သစ် ပိုက်ဆံအိတ်ထဲက အပိုထည့်ထားသည့် ငါးသောင်းအတိအကျကို မရေတွက်တော့ပဲ ဆွဲထုတ်ပေးလိုက်သည်..။
“မမရယ်..အဟင့်..”
သစ်ကို ဖက်ပြီး ငိုနေတဲ့ ကလေးကြောင့် ရင်ထဲစို့သွားရသည်..။
“မငိုပါနဲ့ ကလေးရယ်..စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်....မမ ဆီ မှာ ကျန်ပါသေးတယ်...ဘာတွေ ညာတွေ လျှောက်တွေးပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ ကလေး ကျောင်းပြီးဖို့ အဓိကနော်...စာကျက် တာထိခိုက်အောင် လျှောက်မတွေးပါနဲ့ ကလေးရယ်...စာထဲပဲ အာရုံစိုက်ပါမယ်လို့ မမကို ကတိပေးစမ်းပါ..”
“ဟုတ်..”
“လိမ်မာလိုက်တဲ့ အသည်းတုံးလေး...”
သစ် ချစ်လွန်းလို့ ပါးလေး နှစ်ဖက်ကို ဘယ်ပြန်ညာပြန် မွှေးကြူပေးပြီး နှုတ်ဆက်ခဲ့လိုက်သည်..။
“ရွက်သစ်ဝေ..”
“ဟုတ်ကဲ့..ဆရာ...”
“ကြွပါအုံး..ရုံးခန်းထဲကို..”
သစ် မျက်နှာငယ် ပုံစံ လုပ်ပြရင်း ရုံးခန်းထဲကို ခပ်သုတ်သုတ်ကလေး လိုက်သွားရသည်..။
“မထိုင်နဲ့..”
ထိုင်ဖို့ ခုံဆွဲပြီးခါမှ မထိုင်နဲ့ ဆိုတော့ လက်ကော လူကော ကြောင်တောင်တောင်ဖြင့် ရပ်တန့်သွားရသည်..။
“နင် ရုံးလာတာ ဘယ်အချိန်လည်း..”
“ကိုးနာရီ မထိုးသေးပါဘူး ဆရာ..”
“အိုး..ကျေးဇူးတင်ပါတယ်...”
ဆရာ က ရွဲ့လိုက်မှန်းသိပေမဲ့ သစ်မှာ ပြုံးရင်း ခေါင်းညိတ်ပြရသည်..။
“နင် မနေ့က လုပ်လိုက်တဲ့ စာရင်း ငွေ ဘယ်လောက်ကွာသလည်း သိလား..”
“ကွာပြန်ပလား..”
“အောင်မယ်...နင် လုပ်တာကို ငါ့ ပြန်မေးနေတယ်...”
“နေ့တိုင်း ကွာနေလို့ပါ ဆရာရယ်..တစ်ခုခုတော့ လွဲနေပါပြီ...ကွန်ပျူတာ ကြောင်နေပြီလား မသိဘူး..”
‘ရွက်သစ်ဝေ..”
ဆရာ အော်သံ မြင့် သွားလို့ သစ် ကိုယ်လေး တုန်ပြီး ခေါင်းငုံ့ထားရသည်..။
“ဒီနေ့ကတော့ များသွားပြီ သုည သုံးလုံးတောင် ကွာပါသတဲ့ဗျာ...တိုးတက်လာပြီ..”
“သုည ချည်းပဲလား..ဟူး..တော်ပါသေးရဲ့...သစ် သေချာ အာရုံ စိုက်လုပ်လို့ တိုးတက်လာတာပါ ဆရာ..”
“ဟာကွာ...လူသတ်မိတော့မယ်...ဒီမှာကြည့် သုည သုံးလုံး ၁သိန်းကို သိန်းတစ်ရာဖြစ်အောင် နင် ဘယ်လို တွက်လိုက်တာလည်း..တော်တော်လေး ဖြည့်ပေးချင်လား လုပ်လိုက်လေ...”
“အမလေး..သိန်းတစ်ရာကြီးတောင်...မသိလို့ပါ ဆရာရယ်...မသိလို့ပါ....ဖြည့်ပေးရအောင်လည်း လခ တောင် မကျန်တော့ပါဘူး..”
သိန်းတစ်ရာ ပေးရမယ်
ဆိုလို့ သစ်ဆံပင်တွေတောင် ထောင်သွားသလိုလို ရှိသည်။
“ဆရာ...ကျွန်မ ကို အလုပ်မဖြုတ်ပါနဲ့ ဆရာရယ် တောင်းပန်ပါတယ်...ကျွန်မ မှာ အသက်ကြီးကြီး..ကြီးကြီး နဲ့..”
“ကဲတော်...နယ်ကတက်လာပြီး မလည်မ၀ယ်..ဒါပဲ သိတယ်...စာရင်း ကိစ္စထားလိုက်တော့ သုံးစားမရဘူး..မားကပ်တင်းဆင်းဖို့ပဲ ဆက်လုပ်တော့ ရွက်သစ်ဝေ...မဟုတ်ရင် ငါလည်း အသက်တိုမယ်...နင်လည်း လ်ိမ်ရတာ အကုသိုလ်များမယ်..”
“ဆရာ အရောင်း၀န်ထမ်းက အသက် ၂၃ နှစ်အောက်ပဲလေ ဆရာ..”
“နင် က ဘယ်လောက်လည်း..”
“၂၄ နှစ်ကျော်လာပါပြီ..”
“ရတယ်..မဟုတ်လည်း..နင် အလုပ်ထွက်တော့...”
“အဲ..အဲ..လုပ်ပါမယ်..ဆရာ...လုပ်ပါ့မယ်...”
သစ် ကပျာကယာ ရုံးခန်းထဲက ပြန်ထွက်လာပြီး အိတ်ကလေး ယူခါ အရောင်းတာ၀န်ခံ ဘက်ကို ကူးလာရသည်..။
“ဟလို..”
“ဟင်...မရွက်သစ်ဝေ..ဘာလာလုပ်တာလည်း..”
“အဟဲ....ဆရာက အရောင်းဘက် သွားပါဆိုလို့ပါ..”
“ရှင်......”
ခြောက်ယောက် စလုံး မျက်လုံးပြူးပြီး ရှင်လိုက်တော့ သစ် ခုံဆွဲ ပြီး ရယ်ကြဲကြဲ လုပ်ရင်း ထိုင်လိုက်ရသည်..။
“ကဲ..ဘယ်ကို စမလည်း..”
“တို့ အရောင်းမြှင့်တင်ရေး အစီအစဉ် အရ စျေးကို အရင်သွားရမယ်...ဒီတော့ သုံးဘုံးလောက် ယူသွားပြီး မှ အခြေအနေ ကြည့် လှုပ်ရှားကြတာပေါ့လေ...”
“ကောင်းပါတယ်..”
သစ် ကို ဘယ်သူမှ အရေးမလုပ်ပေမဲ့ ၀န်ထမ်းပီပီ ကောင်းပါတယ်တော့ ပြောပေးလိုက်ရသည်..။
“အစ်မရွက်သစ်ဝေ..ရပ်ပဲမနေနဲ့လေ...
ပြောမှပေါ့..”
“ဘယ်လို ပြောရမလည်း..”
“ပစ္စည်းကြော်ငြာခိုင်းနေတာ..”
“သြ...သြ...”
“အကိုကြီး ကျွန်မ ပစ္စည်းက မွှေးတယ်..တစ်ခြား ပစ္စည်းတွေနဲ့ မတူဘူးနော်...ဂျပန် နိုင်ငံ ဆာကူရာ ပန်းက ရတဲ့ အဆီအနှစ်တွေနဲ့ အတူ နို့ နဲ့ အထူးစီမံ ဖော်စပ်ထားလို့ နူးညံ့တဲ့ အထိအတွေ့...ရှိန်းမြမြ အရသာနဲ့...လန်းဆန်းမှု က အကြာကြီးခံတယ်..”
“ဟား..ဟား...တန်လှချည်လား....မြန်မာပြည်မှာ ထုတ်လုပ်တာ ဟုတ်ရဲ့လား..”
“ဟုတ်ပါတယ် ရှင်....ဒီမှာ နမူနာ ထုတ်ကလေး သုံးကြည့်ပါ..”
“ဟာ...ဆပ်ပြာပြောတာလား..တို့က လူပြောတယ်မှတ်လို့ စိတ်၀င်စားနေတာလေ....”
“ဘာ...ဘာစကားပြောတာလည်း..”
သစ် ရှက်လွန်းလို့ အသံတုန်ရင်း ကြုံးအော်လိုက်တော့ စျေးထဲက လူတွေက ကြည့်နေသည်..။
ထိုလူကလည်း တစ်ချိုးထဲ လစ်ပြေးတော့မှ ဆပ်ပြာထုတ်ကို ပြန်ကောက်ပြီး ဘုံးထဲ ထည့်လိုက်သည်..။
“ဟေး..ဟေး...ဒီမှာ ဒါ မလုပ်ရဘူးလေ..”
“ရှင်...ဟုတ်...ဟုတ်...”
စျေးစည်ပင် ယူနီဖောင်းနဲ့ လူကြီး လာလို့ လေးယောက်သား ကားဆီ ပြန်ပြေးလာရတော့သည်..။
“မ ရွက်သစ်ဝေကလည်း ရောက်လေရာ ပြသာနာပါပဲလား..”
“ဟောတော့ သူများ ဘာလုပ်မိလို့လည်း..”
“ထအော်တာလေ...”
“သူ က ရိုင်းရိုင်းစိုင်းစိုင်း ပြောတော့..”
“ပြောတော့ ဘာဖြစ်လည်း...ကျွန်မတို့ ရည်ရွယ်ချက်က အရောင်းမြှင့်တင် ရေးပဲလေ...အလုပ်ကိုပဲ အာရုံစိုက်ရမှာပေါ့...မရွက်သစ်ဝေ ပြောတာကို က ဟိုမရောက် ဒီမက ဖြစ်နေတာလေ....အိုး ပြန်ပြောရမှာတောင် ရှက်တယ်..”
“ဟား..ဟား...ထားလိုက်စမ်းပါ...နုနု ရယ်..မရွက်ကြီးက ဘာမှ မသိနားမလည်ဘူး..သူတက်တာလည်း ဘာမှ ကို မရှိတာ...”
“ဟား..ဟား...ဒါတော့ ဟုတ်တယ်...”
“ဟိုနေ့ကလည်း...မရွက်ကြီးကို မင်းသော် က တင်းနေတာ သိလား.. မှင်ကုန်တာ လာခေါ်ပြီး ဖြည့်ခိုင်းတယ်ဆို..”
သစ် မျက်နှာစူပုတ်ပုတ်ဖြင့် ခေါင်းညိတ်ရုံ နဲ့ မပြီးလို့..
“အဲတာ မလုပ်တက်ပဲ လုပ်ရင် ပျက်သွားမှာစိုးလို့...”
“ဒါက ကလေးတောင် လုပ်တက်ပါတယ်...ကိုယ့်အား ကိုယ်ကိုး နိုင်အောင် ကြိုးစားစမ်းပါ မမရယ်...အခုတော့ အားလုံး လိုက်သင်ပြနေရတာ လူမုန်းများတာပေါ့..ပြီးတော့ ၀န်ထမ်းချင်း အတူတူ မရွက်သစ် က ခိုင်းစားသလို ဖြစ်နေတယ်..”
“ဟုတ်တယ်....မရွက်သစ်ဝေကို က ချာလွန်းတာ...”
တစ်ယောက် တစ်လှည့် ဝိုင်းပြောနေကြတာ သစ် အဖို့ မနာနိုင်တော့အောင် ဖြစ်နေပါပြီ...။
သစ်က ပစ္စည်း ထူးထူးဆန်းဆန်းဆို အနားကို မကပ်ရဲတာ...
ကွန်ပျူတာ ဆိုလည်း အိစ်စဲက လွဲလို့ ကျန်တာဘာမှ ပင်မသိ..တစ်ခါတစ်လေ ၀င်းဒိုး လုံး၀မတက်လို့ မင်းသော်သွားခေါ်ရရင် စူပုတ်ပုတ် နဲ့လိုက်လာပြီး ခလုတ်သုံးချက် ခေါက်ပေးသွားသည်..။
နောက်တစ်ခါ ဖြစ်ရင် သူ ဘာကို နှိပ်ခဲ့တာလည်း မေ့သွားတော့ သွားခေါ် ရပြန်သည်...။
မုန်းလည်း မုန်းစရာ ကိုယ်တိုင်က ငထုံ ငအ ချာ ကို ချာလွန်းပါသည်..။
တစ်နေ့ကုန်စျေးတွေ လျှောက်ခဲ့ရတဲ့ ခြေထောက်က အိမ်ပြန်ရောက်တာနဲ့ ခုံက မထနိုင်တော့..။
“ထမင်းစားဖို့လေ..”
“သစ် မစားချင်တော့ဘူး...ချာလွန်းလို့..”
“ဖြစ်ပြန်ပြီ တစ်မျိုး..ဘာဖြစ်ခဲ့လို့လည်း..”
“နည်းပညာတွေက တိုးတက်လွန်းတာ သူများ က ဘယ်လို လိုက်မှီမလည်း..”
“ညည်းက အသက် ငါးဆယ် မို့လို့လား..နင့် ရွယ်တူတွေ ကိုကြည့်ပါအုံးလား မိသစ်ဝေ ရဲ့..”
“သူတို့က တော်တာကိုး..သူများက ညဏ်လည်း မကောင်း...ထူလည်းထူ..ကြောက်လည်းကြောက်တယ်..”
“ဒုက္ခပါပဲ..”
ကြီးကြီး က မျက်နှာရှုံ့လို့ ခေါင်းရမ်းပြီး မီးဖိုခန်းဘက် ၀င်သွားတော့မှ သစ် ဖုန်းလေးကို ကောက်ကိုင်လိုက်သည်..။
ဖုန်းဆက်လိုက်ရင် စာကျက်တာများ ပျက်သွားမလား..။
လူတွေ အင်တာနက် ဆိုတာကြီး သုံးနေကြလို့ အရာရာ တက်ကျွမ်း နေတာများလား...။
သစ် မှာ လည်း အကောင့် တစ်ခု ရှိပေမဲ့ မသုံးပဲ ပစ်ထားထာ ကြာလှပြီ...တစ်ခုခု တက်လာရော နည်းလား ဆိုတဲ့ စိတ်နဲ့ အပြာရောင် လေးကို နှိပ်ပြီး ၀င်လိုက်သည်..။
လျှိုဝှက် နံပါတ်က ကလေး မွေးနေ့မို့ ဒါကျတော့ မမေ့...။
“မိန်းမများဟာ..”
“အိုး..ဘာတွေလည်း...”
သစ် ရှေ့ကို ဆက်သွားနေတုန်း အပေါ်မှာ အနီလေးနဲ့ တစ်ပြနေသည်...။
“မက်ဆေ့ ဆိုတော့စာလား..”
သစ် လက်ညိုးနဲ့ နှိပ်၀င်လိုက်တော့ အလုပ်မှာ စာရင်းကိုင် လုပ်နေတဲ့ ဘူးသီး ဖြစ်နေသည်..။
နာမည် အစစ် ဘာလည်း မသိခင်ကတည်း က သူ့ ကိုယ်ခန္ဓာကြောင့် ဘူးသီး နာမည် တွင်နေခြင်းသာ ဖြစ်သည်..။
“အောင်မယ်...ငါ့ကို စကားလာပြောနေသေး..ရုံးမှာတော့ ခေါ်ရင် တစ်ဖက် လှည့်နေပြီး..”
“မောင်...အိမ်မလာဘူးလား..”
“ဘာလည်း..လူမှားနေတာလား..”
သစ် စာတွေကို တွန်းတင်ရင်း အပေါ်မှာလည်း ကျန်သေးလို့ ပြန်ဆွဲချသည်..။
“မောင့် မမကြီးက လည်း ချာတာ လွန်ရော..ဒီနေ့ အရောင်းဘက်ကို ရောက်သွားပြီ...”
“သဲလေး အိပ်သေးဘူးလား..”
သစ်လည်း စာ မပြန်ပါပဲ စာတွေ ပေါ်နေတော့ စဉ်းစားရခက်နေသည်..။
“မောင့်မမက ငတုံး..”
“တုံးတာတော့ ပြောမနေပါနဲ့ တုံးလို့လည်း မောင့်လို ကောင်ကို စွဲနေတာပေါ့..ဟီးဟီး..”
မဟုတ်သေးပါဘူး..။
သစ် မျက်မှောင်လေးကြုတ်ပြီ အပေါ်ဆက်ဆွဲလာသည်..။
“မောင်တို့ တူတူနေဖြစ်လား..”
“တော်ပါ ဝါးခြမ်းပြားကို ဘယ်လို ချစ်မလည်း...မောင် တစ်ခါ ကြိုးစားဖူးတယ်..ထုံ အ လိုက်တာ ကွာ...နှုတ်ခမ်းပဲ နမ်းရသေး သတိလစ် သွားလို့ မနည်း နှာနှပ်ယူရတယ်..တော်ပါပြီ...စိတ်ကို မ၀င်စားတာ...သဲလို ဆက်ဆီဟော့ ဟုတ်ဘူးလေ...သိတယ်မလား..”
“ဟီး..ဟီး..”
“ဘုရားသခင်...ဒါ...ဒါ...ကလေး......ပြောထားတာတွေလား..”
သစ် ဖုန်းကို မျက်လုံး ပြူးကြည့်နေဆဲ မှာ ဘာမှလည်း မနှိပ်ရပါပဲ စာတွေ တက်သွားသည်..။
“သဲလေးရေ..အဆင်ပြေပြီ.....မနက်ဖြန် ၁၀နာရီ ကန်က ကျောက်ရုပ် အနားကို လာခဲ့လိုက်...”
“ပိုက်ဆံ ပါရဲ့လား..”
“အိုး..အထင်သေးလိုက်တယ်..မနက်ကပဲ ချစ်မမကြီး ဆီက ငါးသောင်းခြွေလာသေး..”
“ဟွန့်..သူကကော ဘာပြန်ခြွေသွားလည်း..”
“ပါးကို ဘယ်ပြန် ညာပြန် နှစ်ချက် နမ်းသွားတယ်လေ...”
“အမလေး..”
သစ် လက်ထဲက ဖုန်းကို ခုံပေါ် ပစ်တင်ပြီး ခေါင်းတွေ တပြင်းပြင်း ကုတ်ရင်း မီးဖိုခန်းထဲ ၀င်ပြေးလာလိုက်သည်..။
“ဘာဖြစ်လို့လည်း..”
“ကြီးကြီး...သစ်ဖုန်းတော့ တစ္ဆေ ၀င်ပြီ..ထင်တယ်...ကလေး လိုမျိုး စကားတွေပြောနေတာ...ဟုတ်ပါတယ်..ကလေး က စာကျက်နေမှာပါ...ဒါဖုန်းတစ္ဆေ...အမလေး...”
“ဘာဖြစ်တာတုန်း...”
“ဘူးသီးမ..အဲ မိန်းမတစ်ယောက် နဲ့ ကလေး ချိန်းတွေ့နေတာ..”
ကြီးကြီး က နှုတ်ခမ်းကို အရသာ ရှိရှိ ခံတွင်းတွေ့သလိုကို မဲ့ပစ်လိုက်ပြီး..
“ကောင်းတယ်..ဖြစ် လာမယ် သိပြီသား..”
“မဟုတ်ပါဘူး..”
“နေရာ စုံစမ်းပြီး လိုက်သွားကြည့်ပေါ့ဟယ်..ငါ့လို အဖွားကြီးတောင် တွေးတက်တယ်..နင်က တကယ့် ငတုံးမ..”
“သူများ စိတ်ညစ်လိုက်တာနော်...ကလေးကို မေးလို့ မဟုတ်ရင် စိတ်ဆိုးနေအုံးမယ်..လိုက်သွားကြည့်လိုက်တာပဲ ကောင်းပါတယ်...”
တစ်ညလုံး အိပ်မပျော်ဖြစ်ခဲ့ရပေမဲ့ မနက်စောစော ပြန်နိုးနေပြန်သည်...။
မဟုတ်ပါစေနဲ့..မဟုတ်ပါစေနဲ့...။
ဒီ အရုပ်အနားက ခုံက ကလေး နဲ့ သစ် တွေ့နေကျ နေရာမလား...။
ထီးကွယ်ထားလို့ အသံတွေကို နားစွင့်ကြည့်မိသည်..။
“မမကြီး ဆီကတော့ ရသလောက်ပေါ့ သဲလေးရယ်...မောင် တစ်ခြားနေရာက ကြံရဖန်ရအုံးမယ်..”
“သဲလေးကတော့ မွေးချင်တယ်..”
“အလုပ်အကိုင် အတည်တကျဖြစ်မှ မွေးမယ်ကွာ..”
“သဲလေး ကို မအော်ပါနဲ့..သူ မမ ကျ အော်တာ မဟုတ်ဘူး..”
“ဟ...မမ က နလပိန်းတုံး နထုံနအကြီးလေ....မောင် မျက်နှာ ညိုပြလိုက်တာနဲ့ သူပါ လိုက်ငိုတဲ့ အရူးမကြီး..”
“ဘာ....”
“ဟင်..”
ထီး ကို ဆွဲယူပြီး လေထဲ လွင့်ပစ်လိုက်တော့ နီးကပ်နေတဲ့ မျက်နှာနှစ်ခုက နောက်လှည့်လာသည်..။
“နင်...နင်...”
“မမ...ကလေး ရှင်း ပြပါရစေ..ဒါ...ဒါက...ဒီလို..”
“တိတ်စမ်း..နင့် မျက်နှာနဲ့ နှုတ်ခမ်းက အနီရောင်တွေ အရင် သုတ်ပစ်ရွံလိုက်တာ....ငါ မုန်းတာ..အမလေး...ကြီးကြီးရယ်.. လာကြည့်လှည့်ပါ..”
“မမ ကလေး ကို ခွင့်မလွှတ်ပါနဲ့ ”
“အေး..နင်လည်း ငါ့ကို ခွေးမလုပ်ပါနဲ့ ..
ရှင်းစမ်း ခု…”
“မမ..ကလေး...နဲ့...သူ..”
“မသာလေး....ငါက ဘာဖြစ်တယ်...နထုံနအ အရူးမကြီး ဟုတ်လား..နင် မေတ္တာစူးမယ်..နင့် မိဘ အစားရင်လေးတယ်...”
“ကလေးက...မမကို...”
“မပြောနဲ့..မခေါ်နဲ့...နင် မမ ခေါ်လိုက်သံက ငါ့ နားထဲ မှာ နွားမကြီး လို့ပဲ ကြားနေရတယ်..မသာလေးရဲ့...သေချင်းဆိုး.... ကာလနာ...၀မ်းနာကျမဲ့ဟာလေး...ဟဲ့ မသာမ..နင်လည်း တူတူပဲ...”
သစ် ပြောနေရင်း ဒေါသထွက် လာလို့ အကျိန်အဆဲတွေနဲ့ အတူ အသံပါ မြှင့်လိုက်သည်။
“အောင်မယ်...အဖွားကြီးကများ တပြန်...ကိုယ် နုံလို့ ကို ခံရတာ..”
“ဘာ.....ငါ မနုံလို့ အခုလို လက်ပူး လက်ကြပ် ဖမ်းနိုင်ခဲ့တာပေါ့ ကြာကူလီမရဲ့..”
“ဟား..ဟား..မနုံ မအ လို့ပဲ..မောင် ပြောလိုက်စမ်း...ကြာကူလီ ဘယ်သူဆိုတာ...ပြောလိုက်စမ်းပါ မောင်ရဲ့..လုံး၀ သည်းမခံနိုင်ဘူး...”
“ဟို..ဟို..”
“ပြောလိုက်စမ်းပါ မသာရဲ့..ဘာ ဟိုနေတာလည်း..”
“ဟုတ်ပါတယ်....အသဲလေးနဲ့ ချစ်သူတွေဖြစ်ပြီး အသဲလေး ဆီ လာလည်တာ မမက တွေ့ပြီး ကလေးကို ပဲ ကြည့်နေလို့ အဲတာ...အဲတာ...”
“ဟင်..နင် ငါ့ကို... ငါ့ကို...မချစ်ပဲ..ဟဲ့မသာ...ပိုင်လုံးကောင်..”
“ခင်ဗျား အဲလို မပြောနဲ့...ကျူပ်ကို ချည်း လိုက်ကြည့်...ပဲပေးနေတာ...ဘယ်သူလည်း.... ပေးလိုက်တဲ့ ပိုက်ဆံ မဖြစ်စလောက်ကလေး ကြောင့် တွယ်နေတာ မဟုတ်ဘူးနော်...နုံနုံ အအ အသည်းကွဲ ပြီး သေမှာစိုးလို့ မချစ်သော်လည်း အောင့်နမ်းနေရတာ..”
“အမလေး.လေး....ငါ့ အင်တာနက် အကောင့် ကြီး နဲ့ တဏှာ စကားပြောရဲလောက်အောင်ကို ငါကိုက တုံးလွန်းခဲ့တာပါ...ငါ မှားတာ...ငါမှားတယ်ပဲ ထားလိုက်ပါတော့..”
“မမ..”
“မခေါ်နဲ့..ဒီနွားမကြီး လွယ်လွယ် မသေဘူး...”
ပိုက်ဆံ အိတ် ကို ပခုံးဆွဲတင် ပြီး ပြေးလာခါမှ မိုးက အချိန်မဟုတ်ရွာပြန်သည်...။
ဒါပဲ...ကံဆိုးမ သွားရာ မိုးလိုက်ရွာ တဲ့လေ...။
ငတုံးမ တစ်ယောက် ထီး ဖျောက်ခဲ့ပြီး မိုးရေထဲ မျက်ရည်စမ်းလို့ လမ်းလျှောက် အိမ်ပြန်ခဲ့ရသည့်နေ့..။☆✼★━━━━━━━━━━━━★✼☆。
ဖတ်ရတာ မကောင်းရင် ခွင့်လွှတ်ပါ
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာP
VOCÊ ESTÁ LENDO
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...