ထိုင်းနိုင်ငံ ဘန်ကောက်မြို့
မိုးကဗြုန်းခနဲရွာချလိုကိသောကြောင့် အပူအပင်ကင်းကင်းနှင့် ဥဒဟိုသွားလာနေသည့်လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဤလသည်ဆယ့်တစ်လပိုင်း။ မိုးရွာတတ်တဲ့ လမျိုးမဟုတ်။
နီယွန်မီးရောင်တို့ အလျှံညီးနေသည့် မြို့ပြလူနေမှု၏ တစ်ထောင့်တစ်နေရာ။ တိတ်ဆိတ်နေသည့် လမ်းကြားထဲက မကောင်းမှုအမျိုးမျိုးကိန်းနေသည့် မိုတယ်အသေးစားလေးတစ်ခုသည် မိုးစက်တွေ၏ ငိုကြွေးမှုအောက် ပိုအထီးကျန်ဆန်လာ၏။
အနက်ရောင်သည် အမှောင်ကို ဆောင်ကျဥ်းသည်။
"ခက်နု"
ဘာအပူအပင်မှမရှိသလို သန့်ရှင်းလတ်ဆတ်နေသော အသံတစ်ခုက ခေါ်သည်။ ထိုအသံသည် မကောင်းဆိုးဝါးတစ်ကောင်၏ လေချွန်သံလို အခေါ်ခံရသူကလွဲရင် မည်သူမှမကြားနိုင်သည်အထိ တိုးရှလွန်းသည်။ အနည်းငယ်တော့မောဟိုက်မှုတွေပါသည်။ ကိစ္စမရှိ။ အလျော့မပေးဘဲ ရုန်းကန်တတ်တဲ့သားကောင်မို့ သူအနည်းငယ်ပင်ပန်းသွားရုံသာ။
"ဒီတိုင်း သွားပါတော့"
လက်ထဲကဓားကို စိတ်လွတ်ကိုယ်လွတ် လွှတ်ချလိုက်သည်။ မိုးစက်သံတွေ၏ အောက် ကြမ်းပြင်နဲ့ဓားသွားထိသံက ပီသရှင်းလင်းလို့နေသည်။ ပါကေးကြမ်းပြင်ပေါ်မှာ ဓားပေါ်ကနေ လိမ့်ဆင်းကျသွားသည့် သွေးစက်များဟာ နှလုံးကနေတိုက်ရိုက်ဆင်းလာသည်မို့ ရဲရဲနဲ့စွေး။
နှလုံးသွေးအဖောက်ခံလိုက်ရတဲ့ ကြမ်းပြင်ပေါ်က အမျိုးသမီးငယ်လေးဆီက နာကျင်လွန်းနေသည့် ညည်းညူသံလေးသာ အခန်းငယ်ထဲ တိုးသဲ့သဲ့မြည်ဟီးလို့နေသည်။
စိတ်မသက်မသာဖြစ်ရပေမယ့် အိမ်နံရံမှာတွယ်စိုက်ဝင်နေတဲ့ညောင်ပင်တစ်ပင်ကို အမြစ်ကနေ ရှင်းနိုင်တော့မည်မို့ အနက်ရောင်ဝတ်စုံအောက်ထဲက လူဟာ လေးလံမှုတစ်ချို့ကြားက ပေါ့ပါးနေသယောင်။
အခုအချိန်အထိ နာကျင်မှုကိုတိုက်ခိုက်နေသေးသည့် လက်ချောင်းဖောင်းသွယ်သွယ်လေးတွေဟာ တစ်ဆတ်ဆတ်တုန်ယင်နေသေးသည်။ ကြမ်းပြင်အနှံ့ ပြန့်နေတဲ့သွေးအိုင်ကြားထဲက ခက်နုဆိုတဲ့သူမ။ နှုတ်ခမ်းနှစ်လွှာဟာ တစ်ဆတ်ဆတ်တုန်ခိုက်နေပေမယ့် မတ်မတ်ရပ်နေသူ၏ ခြေထောက်ကို လှမ်းဆွဲဖို့ပြင်သေး၏။ သိုးသဲ့သဲ့နဲ့မပီမသအသံလေးတွေကို ထုတ်လွှတ်နေတဲ့ သူမလည်တိုင်နဲ့နှုတ်ခမ်းဖျားကို အသာစိုက်ကြည့်နေမိ၏။