Chapter-10

2.1K 197 1
                                    

မိုးဝသာန်ဆောင်း.....

လွန်ခဲ့သော ခြောက်နှစ်ခန့်ကဖြစ်မည်....။

မေမေအသည်းအသန်ဖြစ်နေချိန်...ကိုကိုနဲ့ မိုးဆောင်းကျောင်းကနေအပြေးပြန်ခဲ့ကြသည်။
မေမေ့အနားတွင်အနီးကပ်ပြုစုခဲ့ရ၍ မမသည် ထိုနေ့ကနေသိပ်မကောင်းချင်၊ အိပ်ရာထဲတွင်သာလှဲနေခဲ့ရသည်။ ကိုကိုနဲ့ မိုးဆောင်းကတော့ ဆေးရုံကိုလိုက်လာဖြစ်သည်။ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်အခန်း အပြင်ဘက်တွင် ဖေဖေသည် ရင်တမ,မနှင့်ဟိုလျှောက်သည်လျှောက်လုပ်နေသည်။ ဖေဖေနှင့်အတူ ဆေးရုံလိုက်စောင့်ရတာ ကြာ၍ ညီမလေးက ခုံတန်းလျားလေးတွင် မေမေ့ချည်တံဘက်ကလေးခြုံကာ အိပ်ပျော်နေခဲ့သည်။

မေမေကျန်းမာစဥ်နေ့ရက်များမှာ မိုးဆောင်းတို့အိမ်၌ ပျော်စရာအတိပြီးခဲ့သည်။ မေမေသည် ထမင်းဆီဆမ်းကို လင်ဗန်းတစ်ချပ်ဖြင့်ထည့်ကာ ကလေးလေးယောက်ကို တစ်လှည့်စီ ခွံ့ကျွေးလေ့ရှိသည်။ မမနှင့်ကိုကိုက စာလုပ်ရင်းစားသည်။ မိုးဆောင်းနှင့် ညီမလေးမှာ ထမင်းတစ်လုပ်စားပြီးတိုင်း တစ်ခါပြေးပြေးဆော့သည်။ မေမေ့အနီးတွင်မရှိ၍ အလှည့်ကျော်သွားလျှင်မကြိုက်....။ ထိုအခါ မေမေက နောက်တစ်ကြိမ်တွင် အလုပ်ကြီးကြီးကျွေးကာ ပြန်ချော့တတ်သည်။

မြို့ပြင်ဘက်တွင် ဒေညှင်းခြံပျိုးထားသည့် ဖေဖေက မြို့ထဲဖြတ်ကာ သူ့ကလေးများအတွက် စားစရာများဝယ်လာတတ်သေးသည်။ ဖေဖေပြန်လာသည့်အခါတွင်မူ မိုးဆောင်းနှင့် ညီမလေးက မေမေ့ထမင်းပန်းကန်ကို သိပ်ဂရုမစိုက်တော့ပဲ ဖေဖေ့လက်ထဲမှ တုတ်ထိုးချိုချည်နှင့် ဝက်အူချောင်းကြော်ကို ပြေးလုရသည်။ ဖေဖေသည် ဇနီးနှင့်သားသမီးလေးယောက်စာကို ဝယ်လာခဲ့ရသည့်အတွက် အပြင်မှပြန်ရောက်တိုင်းတွင် လက်ထဲ၌ တစ်ထုပ်တစ်ဆွဲပါလာမြဲ....။

ဖေဖေနှင့် မေမေအိမ်ထောင်သက်တမ်း နှစ်နှစ်ဆယ်နီးပါးမျှအတောအတွင်း  သူတို့နှစ်ဦးသည်ဘယ်သောအခါမျှ ကြီးကြီးကျယ်ကျယ် ရန်မဖြစ်ဖူးခဲ့ကြ။ ဖေဖေက ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မေမေက ရှမ်းနီတိုင်းရင်းသူ....။ နှစ်ယောက်စလုံးသည် တိုင်းရင်းသားလက်နက်ကိုင် စစ်တပ်သို့ပြန်ပေးဆွဲခံရပြီး စစ်တပ်ထဲတွင်နေထိုင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြသည်။ သမီးဦးဖြစ်လာမည့် မမမေနှင်းဖြူဆောင်းကို ကိုယ်ဝန်တစ်ခွဲသားနှင့်မှ နှစ်ဦးစလုံးတပ်ထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ အခက်အခဲများကြားတွင် အတူတူရင်ဆိုင်လာခဲ့ရခြင်းကြောင့် ဖေဖေနှင့် မေမေ၏ တွဲလက်မှာမြဲမြံလှသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now