Chapter-20

2K 179 3
                                    

မိုးဆောင်းဟာသိပ်ကိုဆိုးတယ်။ အရမ်းဆိုးတယ်။ ဘယ်လိုဆိုးသလဲပြောရရင်တော့ ပျက်စီးနေတဲ့ လူငယ်တစ်ယောက်ရဲ့ အရိပ်သဏ္ဌာန်က ထိပ်ဆုံးကပါမယ်ထင်တယ်။ မနက် သူကျောင်းကိုသွားတယ်။ ကျောင်းရောက်ရင် ကျောင်းခန်းထဲမဝင်ဘူး... ကျောင်းအုတ်တံတိုင်း ခြံစည်းရိုးကို ကျော်ခွပြီး အပြင်ပြန်ထွက်တယ်။ သူအပြင်မှာ ဘာတွေသွားလုပ်နေသလဲ မောင်မသိဘူး...။ ဆယ်ကျော်သက် တစ်ယောက်အတွက် မူးယစ်ဆေးတွေက အဆိုးဆုံးရန်သူပဲ။ ဒါကို မိုးဆောင်းသိပြီး သတိကြီးကြီးထားမယ်လို့ မောင်မျှော်လင့်ပါတယ်။

လူအများက အမည်းရောင်နယ်မြေလို့ ခေါ်တတ်ကြတဲ့ ကချင်ပြည်နယ်ဟာ မူးယစ်ဆေးအရမ်းပေါတယ်။ နယ်ဘက်က လူငယ်အများစုဟာ မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်ကုန်ကြတယ်။ မူးယစ်ဆေးကြောင့် မပျက်စီးသေးတဲ့ လူငယ်ယောက်ျားလေးဆိုတာ လက်ချိုးရေလို့ရပါတယ်။ ရဲတွေက ဆေးသုံးတဲ့လူတွေကို ဖမ်းခွင့်မရှိဘူး။ ရောင်းတဲ့လူတွေတော့ဖမ်းခွင့်ရှိတယ်။ သုံးနေတဲ့ လူတွေမိလို့အဖမ်းခံရရင်လည်း တစ်ယောက်လျှင် ငွေငါးသောင်း ဒါမှမဟုတ် သုံးသောင်းလောက် ပေးလိုက်ရင် ပြန်လွတ်ပေးကြတယ်။ ဒီလိုနဲ့ ရောင်းလိုက် သုံးလိုက် သံသရာလည်နေကြတာ။ စိတ်ဓာတ်မခိုင်မာတဲ့ လူတစ်ယောက်အတွက် ဒီနယ်မြေဟာ သိပ်ကိုအန္တရာယ်များတယ်လို့ မောင်ထင်မိပါတယ်။

နိုဝင်ဘာလ၏ အရှေ့ပိုင်းနေ့ရက်များ....။

သီတင်းကျွတ်ပြီးပြီဖြစ်တာမို့ ရာသီဥတုက ပိုအေးလာပြီး ဆောင်းတွင်းကို ချည်းနင်းလာပါပြီ။ မောင်တို့တွေ စာကြည့်ခန်းသွားရင် အင်္ကျီထူထူတွေကို ဝတ်နေရပြီ။ တစ်ည မောင်တို့အားလုံး စာကြည့်နေတုန်း အဆောင်မှူးဆရာကြီးရဲ့ ပြင်းထန်တဲ့ ဒေါသသံတွေကို ကြားလိုက်ရပါတယ်။ ပြီးတော့ ကိုးတန်းစာကြည့်ဆောင်ထဲက မိန်းကလေးတချို့ကိုလည်းလာ ခေါ်ထုတ်သွားခဲ့တယ်။ အဲ့ဒီထဲမှာ မိုးဆောင်းလည်းပါတယ်။

နှစ်ဆုံးစာမေးပွဲကြီးနီးပြီမို့လို့ ကျောင်းသားတွေအားလုံး စာပိုကြည့်နေချိန်မှာ မိုးဆောင်းကတော့ ကျောင်းပိုပျက်လာတာကို မောင်သတိထားမိပါတယ်။ မောင်ဟာ အချိန်တော်တော်များများကို စာထဲမှာပဲ အာရုံစိုက်နေမိတာကြောင့် အခုတလော မိုးဆောင်းနဲ့ သိပ်ပြီး စကားမပြောဖြစ်ပါဘူး။ နေ့ခင်းဘက် သူကျောင်းမတက်ဘူး၊ ညနေဘက်ကျတော့လည်း ကျူရှင်အခန်းကမတူဘူး။ ညဘက်ကျတော့လည်း ကိုယ်စီကိုယ်စီ စာကြည့်ရတယ်။ ဒီလိုနဲ့ အတူတူနေပေမယ့် မတွေ့ဖြစ်တာတွေ များလာတယ်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Donde viven las historias. Descúbrelo ahora