Chapter-15

1.8K 174 9
                                    

အမှောင်ယံထုကြီးစိုးသည့် ညဥ့်လယ်တွင်..... အလင်းဖျဖျအရပ်၌ မိုးဆောင်းကိုတွေ့ရသည်။ မိုးဆောင်းက ယခုလို ကျောင်းသူ အရွယ်လေးမဟုတ်ပဲ သည့်ထက် အသက်နည်းနည်းပိုကြီးနေသည်။ အသက်နှစ်ဆယ်ကျော် သုံးဆယ်အရွယ်လောက်ဖြစ်နေမလား.....။ မိုးဆောင်းက မောင့်ကိုလက်တစ်ဖက်ကမ်းပေးကာ ခေါ်နေခဲ့သည်။

မောင်လည်း မိုးဆောင်းခေါ်ရာနောက် လိုက်သွားရန် ခြေလှမ်းပြင်စဥ်တွင်... ရုတ်တရက် အနောက်ဘက်နံရံသည် တံခါးပေါက်တစ်ခုလိုဖြစ်သွားကာ ထိုတံခါးပေါက်ထဲမှ 'ဖြိုးသီဟမောင်' ကထွက်လာခဲ့သည်။ မောင်လည်း အနောက်ဘက်လှည့်ကာ သီဟမောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"မမ... မမ... မသွားနဲ့... လာငါနဲ့ မြန်မြန်လိုက်ခဲ့... မမ ... "

သီဟမောင်က မောင့်ကို ခေါ်နေသည်။ မောင်က မိုးဆောင်းရှိရာဘက်သို့ ပြန်လှည့်လာခိုက် မိုးဆောင်းကရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ မောင်သည် တွေဝေစွာပင်ရပ်နေမိသည်။

"မမ.... မမ... မြန်မြန်လာလို့... အမေမင့်ကို စောင့်နေတယ်... မမ.... မမ... ငါပြောတာကြားလား အချိန်မရှိဘူး...မြန်မြန်လာ..."

သီဟမောင်က ဆက်တိုက်ခေါ်နေရှာသည်။ မောင်နှမနှစ်ယောက်သားသည် အမှောင်ထုတွေကြားထဲမှာ တိုးဝင်ရင်း ပျောက်ကွယ်သွားပြန်သည်။ ပြန်သတိရလာတော့.... အခန်းတစ်ခုလုံးသည် လူများဖြင့်ပြည့်ကြပ်ကာ ဆူညံဆူညံဖြစ်နေသည်။ ချောင်းဟန့်သံ... နှာချေသံ... ကလေးငိုသံများလည်း ကြားရသည်။ စိမ်းရွှေရွှေအနံ့တစ်ခုက မောင့်နှာဖျားဝသို့ လာရိုက်ခတ်သည်။

ထိုအနံ့ကြောင့် ပျို့တက်လာကာ အန်ချင်သလိုလို ဖြစ်လာပေမယ့် မောင့်လည်ချောင်း တစ်လျှောက်မှာ ခြောက်ကပ်နေပြီး ဝမ်းဗိုက်ကြွက်သားများက မလှုပ်ရှားချင်လောက်အောင် နာကျင်နေသည်။ အသိနှင့်ခန္ဓာသည် သိမ့်ခနဲ သိမ့်ခနဲ... ပူးချည်ခွာချည်...။ ခန္ဓာကိုယ်က မိမိကိုယ်ပိုင်မဟုတ်တော့သလို... ခန္ဓာနှင့်ပတ်သက်၍ ဘာနာကျင်ခံစားမှုမျှမရှိတော့သည့် အကြိမ်များလည်းရှိသည်။ အသိနှင့်ခန္ဓာကပ်သည်နှင့်လည်း နာကျင်ပင်ပန်းရသည်။ ထို့ကြောင့် အမှောင်ထုကိုသာ မောင်ရွေးချယ်ဖြစ်အုံးမည်ဖြစ်သည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now