ယနေ့
မောင် ....
အိပ်မက်ရှည်တစ်ခုရဲ့ အဆုံးသတ်မှာ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ အရောင်အသွေးတွေဆိုတာ မှိန်ဖျဖျရယ်.....။
နေခြည်နွေးနွေးဖြာကျနေတဲ့ ဇာပုဝါခန်းစည်းစကိုပဲ အပြစ်တင်ရလေမလား....။ မောင်ဟာ အိပ်ရာနိုးချိန်မှာတောင် နေရောင်ထိုးထားသည့် ပန်းမာလာတွေထက် လှပလွန်းခဲ့....။ တစ်စုံတစ်ယောက်အတွက် ဖြစ်တည်မှုသက်သက်သာ မဟုတ်ခဲ့ရင် ပုရိသဘယ်နှဦးရဲ့ အသည်းကိုများနင်းချေနေအုံးမလဲ....။
"ဝုတ်... ဝုတ်...အူး... "
"အိမ်လုံ..."
အမွေးဖွားဖွားနဲ့ Huskyကောင်လေးကတော့ မောင့်ရဲ့ လက်ရှိသူငယ်ချင်းပါပဲ။
"ဟုတ်ပါပြီ အိမ်လုံရယ်... ဗိုက်ဆာလှပြီလား"
အိမ်လုံက သူ၏ အမြီးကို လှုပ်ယမ်းကာ ပါးစပ်တစ်ပြင်ပြင်ဖြစ်နေသည်။ မနက်အိပ်ယာထ နောက်ကျသည့် သခင်ကို လာနိုးချင်ခဲ့ပုံရသည်။ မောင်သည် ဖရိုဖရဲဖြစ်နေသော ဆံနွယ်တို့တို့ကို လက်ဖြင့်သပ်တင်လိုက်ပြီး ဖရုံဖရဲ ညဝတ်ဂါဝန်လေးကိုလည်း ခြေသလုံးသားလေးများလုံအောင် ဆွဲချလိုက်သည်။
ပြီးနောက်... ခွေးစာအိတ်ထဲမှ ခွေးစာများကို အိမ်လုံ၏ အစာခွက်ထဲသို့ထည့်ကျွေးထားခဲ့သည်။ မောင်ကတော့ ရေချိုးပြီး အလုပ်သွားဖို့ရန်ပြင်ဆင်ရသည်။
"ဒူ... ဒူ... ဒူ...."
မောင့်ရဲ့ ဖုန်းလေးကမြည်လာသည်။ မောင် ဖုန်းကိုကောက်ကိုင်လိုက်ပြီး...
"ဟဲလို ညီမလေး... ဆိုင်ဖွင့်ထားပြီလား..."
"ဟုတ် မမ ဖွင့်ထားပီ အားဒီ တော့မရောက်သေးဘူး...၊ မမ မနက်စာကို ဒီမှာလာစားပါလား"
"အင်း... မမအခုပဲ လာခဲ့တော့မလို့...."
တစ်နေ့တာ Maung ကို စီမံခန့်ခွဲဖို့ရန် Laptopတစ်လုံးကို အိတ်ထဲထည့်ပြီး အလုပ်သွားဖို့ရန်အဆင်သင့်။ အိမ်လုံကလည်း ခါတိုင်းလို မောင့်နောက်လိုက်ဖို့ရန် ပြင်နေသည်။
"အိမ်လုံ... ဒီနေ့ မလိုက်ခဲ့နဲ့အုံး... "
"ဝူး... ဝူး... အာ.. ဝူး..."