Chapter-6

2.2K 198 3
                                    


ကိုယ့်ရပ်ကိုယ့်မြေပြန်သွားကြသည့် ကျောင်းသူလေးတွေမရှိတော့သည့်အခါ အဆောင်တွင်းတွင်တိတ်ဆိတ်သွားသလို...။ မောင်နှင့်မိုးဆောင်းသည် ကျန်ခဲ့သည့်ပစ္စည်းများကိုကောက်သိမ်းရင်းအလုပ်ရှုပ်နေကြသည်။

ကျောင်းသူလေးများမှာ စာမေးပွဲပြီးသည့်အခါ အိမ်ပြန်ချင်ဇောနှင့် သူတို့ပစ္စည်းပစ္စယများကို ကုန်စင်အောင်မသိမ်းသွားကြ။ မေ့ခဲ့သည်ဖြစ်စေ၊ တမင်တကာဖြစ်စေ...ဒီအတိုင်းကျန်ခဲ့သည်ချည်း...။

အိပ်ယာခင်းဖျာများ၊ ရေချိုးဖလားခွက်၊ ဆပ်ပြာခြင်း၊ အဝတ်ခြင်း၊ မသုံးရသေးသော ဗလာစာအုပ်များ၊ ဘောလ်ပင်များ...၊ အကြမ်းစာအုပ်၊ ပုံနှိပ်စာအုပ်၊ သနပ်ခါးကျောက်ပြင်ကအစ၊ ကျောင်းဝတ်စုံများအဆုံး... ကျန်ခဲ့သည်၊ သို့မဟုတ် နောက်လူများအတွက် တမင်ချန်ထားခဲ့ကြသည်။

မောင်တို့ကိုးတန်းအုပ်စုနှင့် ဆယ်တန်းအုပ်စု အဆောင်ကျန်နေမည့်သူများက ပစ်သင့်တာပစ်၊ ယူသင့်တာယူထားပြီးမှ အဆောင်ကိုသန့်ရှင်းစေရသည်။ ပူပြင်းသည့်နွေရာသီက စတင်လေပြီ။ မကြာမီပင် ဧပြီလရောက်တော့မည်။ အဆောင်ရှေ့မှ စက္ကူပန်းခြုံကြီးကတော့ ပွင့်မြဲပွင့်ဆဲ။ ကံကော်ပန်းဖူးလေးများစထွက်လာပေပြီ...။ ပိတောက်နှင့်ငုဝါတို့ကလည်း မဟာသင်္ကြန်အတွက်ပြင်ဆင်နေကြရော့မည်။

"ဟူး...တော်သေးတာပေါ့ ဒီနေ့ရှင်းလို့ပြီးသွားလို့ မဟုတ်ရင်အမှိုက်ပုံတောမှာအိပ်ရမလားပဲ"

ကြည်ပြာကတံမြက်စည်းကိုနေရာတကျပြန်ထားရင်းညည်းနေသည်။ သူဇာကခုတင်ပေါ်တွင်မုန့်ထိုင်စားနေပြီး၊ မူယာက စာကြည့်ခန်းသွားရန်ပြင်ဆင်နေသည်။ လမင်းဖြူနှင့် အိဇင်သော်ကတော့ အစောကတည်းကမှ စာကြည့်ခန်းသို့သွားနှင့်ကြပြီ။ ထိုစဥ် အဆောင်မှူးဆရာကြီးက စာရွက်တစ်ထပ်ကိုကိုင်ကာ အခန်းဝသို့ရောက်လာလေသည်။ မောင်တို့အားလုံး မျက်လုံးပြူးသွားကြသည်။ ဆရာကြီး ကိုင်ထားသည့်စာရွက်ထပ်များမှာ ကျူရှင်ဝိုင်းမှ ပထမလအစမ်းစာမေးပွဲဖြေထားသော မောင်တို့အဖြေလွှာများဖြစ်ပေသည်။

"သူဇာ-၄၉မှတ်"

"မူယာ-၅၁မှတ်"

"ကြည်ပြာ-၄၇မှတ်"

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Où les histoires vivent. Découvrez maintenant