မိုးတွေရယ်လေ... အငြိုးကြီးစွာ သည်းသည်းမဲမဲ ရွာသွန်းလို့.....။
သမုဒ္ဒရာစောင်းကြိုးညှိသံ ဂျိုးဂျိုးဂျိမ်းဂျိမ်းကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ခြိမ်းခြောက်နေတယ်။ မောင်နဲ့ နှစ်ကိုယ်တူ နွေးထွေးတဲ့ ရိပ်မြုံလေးထဲကနေ မိုးဆောင်းဟာ တစ်ယောက်တည်း ပြေးထွက်သွားခဲ့တယ်။
"မိုးဆောင်း... အပြင်မှာ လေစိမ်းတွေတိုက်နေတယ်လေ... ဘယ်ကိုသွားမလို့လဲ...!!"
မောင်က မိုးစက်ကျသံပြင်းပြင်းကို လွမ်းအောင် အသံကုန်ဟစ်ပြီး အော်လိုက်တယ်။ မိုးဆောင်းဟာ မောင့်ကိုလှည့်မကြည့်ခဲ့ဘူး။ မိုးရွာတောထဲကို တစ်ယောက်တည်း ပြေးထွက်သွားခဲ့တယ်။ မောင့် ရင်ဘတ်တစ်ခုလုံး ပူလှောင်နေပြီး အာခေါင်တွေ ခြောက်ကပ်နေတယ်။ မိုးစက် တွေလား... မျက်ရည်တွေလား မသဲကွဲပဲ ပါးပြင်ပေါ်မှာ စိုစွတ်နေတယ်။
"မိုးဆောင်း.... "
"မိုးဆောင်း......"
မိုးဆောင်း ပြောပြခဲ့ဖူးတဲ့ စွယ်တော်ရွက်ပုံပြင်လေးထဲက မောင်က ခိုင့်ကို လိုက်ရှာသလိုမျိုး မိုးစက်တွေကြား တိုးဝင်ပျောက်ကွယ်သွားခဲ့တဲ့ ချစ်ရသူကို မောင်လိုက်ရှာနေမိတယ်။ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်ပြီး တုန်ယင်နေတယ်။ မိုးရေတွေထဲ ပြေးလွှားရင်း ခလုတ်တိုက်မိပြီး ချောက်ကမ်းပါးစွယ်တစ်ခုကို ရောက်တယ်။ ခန္ဓာကိုယ်ဟာ ရုတ်တရက် လေဟာနယ်ထဲ ပစ်ချခံလိုက်ရသလို သိမ့်ခနဲ နေပြီးမှ မောင်နိုးလာခဲ့တယ်....။
မောင့်ကိုယ်မှာ ချွေးတွေနဲ့ ရွှဲနစ်နေတယ်။ ဘေးနားမှာ မိုးဆောင်း ကတော့ရှိမနေခဲ့ဘူး။ မောင် ရင်စုံကို လက်နဲ့ဖိပြီး အသက်ကိုလုရှူနေရတယ်။ အိပ်ယာခင်းစတွေကို တင်းတင်းဆုပ်ကိုင်ကာ အားယူပြီး အိပ်ယာကထ,တယ်။ ဒါဟာ အိပ်မက်ဆိုးတစ်ခုပါပဲ.....။
မလိုလားအပ်တဲ့ မကောင်းမြင်အတွေးတွေ မတွေးမိအောင်လို့ မောင်ကိုယ့်ဘာသာ နှစ်သိမ့်လိုက်တယ်။ သွားတိုက်တဲ့အချိန် အတူတူထားတဲ့ သွားတိုက်တံနဲ့ မျက်နှာသစ်ဆေးဗူး တစ်စုံဟာ ရှိမနေတော့... မောင့်စိတ်ထဲ ဟာတာတာ ဖြစ်သွားရတယ်။ စားပွဲတင် ပြက္ခဒိန်လေးပေါ်မှာ ပြထားတယ်... ဒီနေ့က စနေနေ့....။ မိုးဆောင်းတစ်ယောက် သူ့အစ်မဆီ ပြန်သွားနေတတ်တဲ့ နေ့ပါပဲ။