Chapter-24

1.6K 177 10
                                    

Special Classတက်ရတဲ့ ကျောင်းသားတွေက နွေကျူရှင်ကို ကျူရှင်ဝိုင်းမှာပဲ သွားတက်ရပြီး ကျန်တဲ့ကျောင်းသားတွေက အဆောင်မှာသာ စာသင်ရပါတယ်။ ဒီနေရာမှာ မောင်နဲ့ မိုးဆောင်း စကွဲ,ကြတော့တာပါပဲ။ မိုးဆောင်းက အဆောင်မှာပဲ စာသင်ရပြီး မောင်က ခါတိုင်းသွားနေကျ ကျူရှင်မှာ သွားတက်ရပါတယ်။ ကျူရှင်က ညနေငါးနာရီလောက်မှာ ဆင်းပါတယ်။ တစ်နေ့မှာ မောင် ကျူရှင်က ပြန်လာချိန် အဆောင်ရှေ့ စက္ကူပန်းခြုံကြီး အောက်မှာ မိုးဆောင်းတစ်ယောက် ထိုင်စောင့်နေတာ တွေ့ရပါတယ်။

ဘာလို့ထိုင်စောင့်နေတာလဲ မိုးဆောင်းရယ် ဆိုတော့ သူက 'အားနေလို့' ဆိုပြီး ပြန်ဖြေပါတယ်။ 'အားနေရင် စာပဲသွားလုပ်လိုက်ပါလား အကျိုးရှိတယ်..." လို့ပြောပြန်တော့ စာဆိုတာ သေရာပါမှာမှ မဟုတ်တာ ပျင်းစရာကြီးလို့ ဘုကလန့်တိုက်တယ်။

ဒါပေမယ့် နောက်ပိုင်း မောင်သူ့ကို မတားဖြစ်တော့ပါဘူး။ ဘာလို့ဆို မောင်ကိုယ်တိုင်လည်း မိုးဆောင်းတစ်ယောက် အဲ့ဒီလိုစောင့်နေတာကို ပျော်ရွှင်နေမိလို့ပါ။ ညနေခင်း အိမ်ပြန်ချိန်မှာ တစ်စုံတစ်ယောက် ကိုယ့်ကို စောင့်မျှော်နေတယ်ဆိုတဲ့ ခံစားချက်က အဲ့ဒီလူကို တကယ်နွေးထွေးစေပါတယ်။ မိုးဆောင်းဟာ ညနေခင်းတိုင်း ဇွဲရှိရှိနဲ့ မောင်ကျူရှင်ကအပြန်ကို စက္ကူပန်းခြုံကြီးအောက်မှာ ထိုင်စောင့်ပါတယ်။ အချိန်အားဖြင့် တိုတောင်းလှတဲ့ နွေရာသီတစ်ခုစာလေးသာ။ ဒါပေမယ့် မောင် အဆောင်ရှေ့က စက္ကူပန်းခြုံကြီးကို ကြည့်လိုက်တိုင်း မိုးဆောင်းရဲ့ ပုံရိပ်နဲ့ တွဲမြင်မိတဲ့အထိ မောင့်တစ်ဘဝလုံး အဲ့ဒီမြင်ကွင်းက စွဲကျန်ရစ်နေပါတယ်။

ညနေဆည်းဆာရဲ့ နွေးဖျဖျနေရောင်ခြည်ရယ်၊ စက္ကူပန်းခရမ်းနွယ်တွေရဲ့အလှရယ်၊ မိုးဆောင်းရယ်ဟာ ပန်းချီကားတစ်ချပ်ထဲမှာလို အမြဲ တမ်းတွဲလျက်ရှိနေခဲ့ပါတယ်။ အချိန်တွေကြာညောင်းတဲ့အထိ မောင့်မှတ်ဉာဏ်တွေထဲမှာ စွဲမြဲနေတဲ့အရာတစ်ခုက မောင်ဟာ အဆောင်ရှေ့ကို ရောက်လာတိုင်း စက္ကူပန်းခြုံအောက်မှာ မိုးဆောင်းတစ်ယောက် မောင့်ကို ထိုင်စောင့်နေမယ်ဆိုတာပါပဲ။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now