Chapter-21

1.6K 162 6
                                    

Decemberဟာနှစ်တစ်နှစ်ရဲ့ အလှဆုံးလလို့တောင်ပြောလို့ရတယ်။ မနက်ခင်းစောစောမှာ နေရာတိုင်းမြူတွေဆိုင်းနေတယ်။ သွပ်မိုးတံစက်မြိတ်ကနေ တစ်ညလုံးကျထားခဲ့တဲ့ နှင်းစက်တွေဟာ မိုးရေစက်တွေလို တစ်စက်စက်ကျလာနေတယ်။ မြို့နဲ့ အနီးနားဝန်းကျင်က လယ်ကွင်းတွေဟာ ရွှေရောင်စပါးခင်းတွေအ
ပြည့်နဲ့။ တချို့ကရိတ်သိမ်းပြီးကြပါပြီ။ စာငှက် တွေဟာ မှည့်ရင့်နေတဲ့ စပါးနှံတွေကိုချီဖို့ နေရာအနှံ့ကနေ ရောက်လာကြတယ်။

ဆောင်းခိုငှက်တွေဟာလည်း တောင်တန်းကြီးတွေကြားက မြို့ငယ်လေးဆီမှာ ဝဲကာပျံလို့။ မြူနှင်းတွေဝေနေတဲ့ မိုးညှင်းမြို့လေးဟာ ပန်းချီကားတစ်ချပ်လိုပဲ။ မောင်ကတော့ ဒီမြို့လေးကို တစ်သက်မေ့နိုင်မယ်မထင်ဘူး။

မောင်တို့ကျောင်းသူကျောင်းသားတွေကတော့ ခါတိုင်းလိုပဲ... ကျူရှင်၊ ကျောင်းနဲ့ အဆောင်ကို လွန်းထိုးကူးခတ်ရင်း အချိန်ကုန်နေကြတယ်။ နီးလာပြီဖြစ်တဲ့ Finalစာမေးပွဲကြီးအတွက် စာထဲမှာသာ ခေါင်းစိုက်နေကြရတယ်။

သိပ်ကိုလှပတဲ့ ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခုမှာ မောင်ဟာ အဆောင်ကနေ ခိုးထွက်ခဲ့ဖူးပါတယ်။ မောင်တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဂိုက်ဆရာမလေးတစ်ယောက်ရယ်၊ မောင်ရယ်၊ မိုးဆောင်းရယ်၊ လမင်းဖြူနဲ့ ဂျာဆိုင်းလုံရယ်။

အဲ့ဒီနေ့က အဆောင်မှူး ဆရာကြီးနဲ့ ဆရာမကြီးက မင်္ဂလာဆောင်တစ်ပွဲ အဖိတ်ခံရလို့ မြစ်ကြီးနားကို ကားနဲ့တက်သွားကြပါတယ်။ ဒီတော့ အဆောင်မှာ အုပ်ချုပ်သူမရှိတော့တဲ့အခါ ကြောင်မရှိတော့ ကြွက်ထတဲ့သဘောပါ။ ဆရာတို့က မနက်လေးနာရီလောက်ကတည်းက ထ,သွားကြတာမို့လို့ မောင်တို့လည်း အဲ့ဒီနေ့မနက်ပိုင်း စောစောထ,ပြီး စာကြည့်ခန်းမသွားကြတော့ပါဘူး။ အဲ့ဒီအစား နောက်ကျမှထပြီး မနက်စာကို ဝအောင်စားကြပါတယ်။

မနက်စာဟာ ဆန်ခေါက်ဆွဲတစ်ခွက်ပါ။ မိုးညှင်းမြို့လေးမှာတော့ ဒီ(ဆန်စီး)ခေါက်ဆွဲကို ရှမ်းခေါက်ဆွဲလို့ပဲ ခေါ်ပါတယ်။ ရန်ကုန်မှာခေါ်တဲ့ ရှမ်းခေါက်ဆွဲကိုတော့ သူတို့က 'ရေစိမ်' လို့ခေါ်ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် ခေါက်ဆွဲထဲကို တို့ဟူးကြော် ပူပူလေးရယ်၊ လက္ဖအစပ်ရယ် ထည့်ပြီး မုန့်ညှင်းချဉ်နဲ့ စားရတာဟာ တစ်သက်မမေ့နိုင်စရာ အရသာပါပဲ။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Hikayelerin yaşadığı yer. Şimdi keşfedin