Unicode...
"အင်း...ခုခေတ်လူငယ်တွေ တယ်ဆိုးသကွာ...ခြေကောင်းလက်ကောင်းတွေနဲ့ သမ္မာအာဇီဝကျကျ လုပ်စားမယ်မရှိဘူး...ခိုးမယ် ဝှက်မယ်ဆိုတာချည်းပဲ"
မနက်ခင်းစောစော အလုပ်အကိုင်မရှိပေမဲ့ စာတတ်ပေတတ်ကြီးလို နေ့စဥ်သတင်းစာ ပုံမှန်ဖတ်တတ်တဲ့ ဦးလှဆွေရဲ့ သတင်းစာဖတ်လျက် ကောက်ချက်ချခြင်းကို ကျွန်တော် အထင်မကြီးသွားသလို ကော်ဖီခွက်လာပို့သော အမေဒေါ်မြတ်မြတ်လှိုင်လည်း မထောက်ခံ။
ကျွန်တော်အထင်မကြီးရခြင်းက ခုနကဆိုသလို အလုပ်အကိုင်မရှိဘဲ မိန်းမထဘီခိုစားနေပြီး သောက်ကြီးသောက်ကျယ်တွေ လျှောက်ပြောတာကိုပဲ။
ကျွန်တော့်အမေလည်း ကျွန်တော့်လိုတွေးရင်တွေးမှာပေါ့။ အမေကလည်း အဖေနဲ့ကွဲပြီး မကြာခင်ဒီလူကြီးကိုကောက်ယူသဗျ။ အခုတော့ ဒေါ်မြတ်လှိုင်တို့ နောင်တရနေပြီထင်တယ်။ အခုပဲကြည့် မျက်စောင်းတထိုးထိုးနဲ့။
ဆိုတော့ ဦးလှဆွေက ကျွန်တော့်ပထွေးပေါ့ဗျာ။ ရုပ်ရှင်တွေဝတ္ထုတွေထဲကလိုတော့ ပထွေးနဲ့မယားပါသားဆက်ဆံရေးက မရှုပ်ထွေးဘူးဗျ။ အမေ့အနေနဲ့လည်း ကြားထဲကဝင်ဆွဲစရာမလိုဘူးရယ်။ ကျွန်တော်က သူ့ကိုမရှိသလိုပဲသဘောထားတယ်။ မေးထူးခေါ်ပြောလောက်ပဲလုပ်တယ်။ အင်း...တစ်ခါတလေတော့ ဦးလှဆွေက ကျွန်တော့်ကို ရွဲ့စောင်းတဲ့အခါတွေလည်းရှိပေမဲ့ သည်းခံပါတယ်လေ။ သည်းခံရတဲ့အနေနဲ့ အမေမမြင်အောင်သူဖွက်ထားတဲ့ ဂရမ်းပြားတွေကိုပဲ ကုန်အောင်ခိုးသောက်လိုက်တယ်။ အဲလိုဆိုရင် အမေ့ရှေ့မှာ သူကျွန်တော့်ကိုအော်မမေးရဲဘူးလေ။ win-winပေါ့ဗျာ။
အခုလည်းကျွန်တော့်ကိုရွဲ့ပြောသလားထင်ရပေမဲ့ မဟုတ်နိုင်ပါဘူး။ ဘာလို့ဆို ကျွန်တော်က ဘွဲ့ရပြီးတည်းက ဆိုင်ကယ် showroomတစ်ခုမှာ စာရင်းကိုင်လုပ်နေတာ။ သမ္မာအာဇီဝလည်းကျသလို ခိုးထားဝှက်ထားတာတွေဘာမှမရှိဘူး။ သူ့ရမ်ပြားတွေကလွဲလို့ပေါ့။ လူရိုးလူအေးလေးပါဗျာ။ ဘယ်သူ့ပဲ စောင်းပြောပြောပါ။ ကျွန်တော်ကတော့ ရုံးချိန်နောက်ကျလို့မဖြစ်လို့ ကော်ဖီတစ်ခွက်သောက်ပြီး အိမ်ကထွက်ခဲ့လိုက်တော့တာပဲ။ အိမ်မှာမနေရခြင်းကလည်း စိတ်ချမ်းသာခြင်းတစ်မျိုးကိုး....။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...