Unicode...
အမေရော ကျွန်တော်ရောအားတဲ့တစ်နေ့ အမေ့ဆန္ဒအတိုင်း သော်ကြီးကို အိမ်ခေါ်လာခဲ့ပြန်တယ်။ သော်ကြီးက နေ့တိုင်းအလုပ်မနားတာမို့ ညနေစောင်းမှပဲ သွားခေါ်ရတာပေါ့။ ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဘောင်းဘီပဲဝတ်ပါဆိုပြီး အတန်တန်ပြောရသေးတာ။
"သားတို့ လာကြ...ညနေစာ စားပြီးမှပြန်ရမယ်နော်"
"ဟုတ်ကဲ့ခင်ဗျ"
ဒီလိုနဲ့ ညစာမစားခင် အိမ်ရှေ့မှာ စကားစမြည်ပြောကြတော့....
"သားက ဘာအလုပ်လုပ်တာလဲ"
ထင်ပါတယ်။ ဒီမေးခွန်းရောက်လာတော့မယ်လို့။ တော်သေးတာပေါ့။ ခုလောလောဆည် သော်ကြီးအလုပ်ရှိနေလို့။
"ဟုတ်...ကျွန်တော် မန်းမြို့တော်မှာ စားပွဲထိုးလုပ်ပါတယ်ခင်ဗျ"
အံမယ်။ ခါးမတ် ခေါင်းမော့ပြီး ဝံ့ဝံ့ကြွားကြွားဖြေသေးတာ။ မသိရင် မပြည့်စုံပေမဲ့ ရိုးသားကြိုးစားတဲ့ အခြေခံလူတန်းစားလေးပါပေါ့။
"ဟေ....မန်းမြို့တော်က ဟုတ်စ...အင်း အဲကကျဆိမ့်က တယ်အရသာရှိတာ...နောက်ကြုံရင် ဦးတို့ဖို့ ပါဆယ်ဆွဲလာပါဦး"
"အို...ကိုလှဆွေကလည်း...ကလေးကို"
"ဪ....အလကားမဟုတ်ပါဘူးကွာ...ဝယ်သောက်မှာပါ"'
ကျွန်တော် ဦးလှဆွေကို ကန်တော့ပါရဲ့ဆိုပြီး ပိတ်ကန်သင့်ပြီမလား။ အမေရှာထားတဲ့ ပိုက်ဆံနဲ့များ သော်ကြီးကိုခိုင်းပြီး ဝယ်သောက်ဦးမတဲ့။ ကျွန်တော်လည်း ကြားထဲကမနေနိုင်တော့တာနဲ့ သော်ကြီးကို တံတောင်နဲ့တွတ်လိုက်တယ်။ အဖက်မလုပ်နဲ့လို့ ဆိုလိုချင်တာပေါ့။ ဒါပေမဲ့ ဒီကောင်က သဘောမပေါက်လိုက်ဘူး။
"ရပါတယ် ဦးလေး မနက်ဖြန်ယူလာပေးမယ်လေ"
ကျစ်...ဒီကောင်တော့ ဖားမဲ့ဖား အမေ့ကိုဖားသင့်တာလေ။ ဦးလှဆွေဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် အရာသွင်းတာမဟုတ်ဘူး။ ဒီလိုနဲ့ ညစာစားဖို့ဖြစ်လာရော။ ဘယ်တော့မှ ဟင်းနှစ်ခွက်မချက်တဲ့အမေက သော်ကြီးလာလို့တဲ့။ စားပွဲပေါ်မှာ ဟင်းခွက်တွေမှအပြည့်။ ဘယ်ဟာနှိုက်ရမှန်းတောင် မသိအောင်ပဲ။ မျက်နှာလိုက်သော အမေ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...