အပိုင်း - ၉ { ဩဇာလွှမ်းသော }

5.3K 1K 108
                                    

အပိုင်း - ၉

{ ဩဇာလွှမ်းသော }

ကျင်ချီးမှာ မျိုးရိုးစဥ်ဆက် အမွေဆက်ခံရရှိလာခဲ့သော ဆွဲဆောင်မှုရှိလှသည့်ရုပ်ရည်ရူပကာကို မည်သို့မည်ပုံ အသုံးချရမည်မှန်း ကောင်းစွာသိသောသူဖြစ်သည်။ အထူးသဖြင့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံကြုံကြိုက်ရသောအခါတိုင်း အတိုင်းအတာတစ်ခုအထိ ပြုံးပြတတ်လေ့ရှိ၏။ ရယ်မောလိုက်သောအခါတွင်လည်း သူ၏မျက်လုံးမျက်ခုံးများမှာ အနည်းငယ်မြင့်တက်သွားကာ အင်မတန်မှ နှစ်သက်ချင်စရာကောင်းလှသော ရိုးသားဖြူစင်မှုမျိုး ထွက်ပေါ်လာစေ၏။

ဝူးရှီးကမူ ချန်ယွမ်ရှန်း၏ ကိန်းကြီးခန်းကြီး ပေါများနေသော နှစ်လိုစရာလောကွတ်စကားများ​ကို စိတ်မပါ့တပါနားထောင်နေရင်း တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ ​အလယ်ပို်င်းလွင်ပြင်ဒေသရှိလူများမှာ တစ်ယောက်နှင့်တစ်ယောက်တွေ့သောအခါ စိတ်ထဲမှပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ တစ်ဖက်သားကို မည်မျှပင် ခါးခါးသီးသီးမုန်းနေပါစေ၊ သူတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အမြဲတပ်ဆင်ထားကာ တစ်ဖက်လူ၏ သာကြောင်းမာကြောင်းကို အမြဲ မေးတတ်လေ့ရှိကြသည်ပဲ။ တကယ်ကိုပင် ဟန်ဆောင်လှည့်ဖျားတတ်ကြသည်၊ စက်ဆုပ်ရွံရှာဖွယ် ငြီးငွေ့စဖွယ်ကောင်းလှသည်။

ထိုစဥ် ဝူးရှီးက အလားတူအငွေ့အသက်တစ်ခုကို ခံစားသိရှိလိုက်ရသည့်အလား တစ်ဖက်သို့ လည်ပြန်လှည့်ကြည့်လိုက်တော့ စောနလေးတင်ကမှ ဧကရာဇ်မိန့်ကြားသွားသည့် နန်နဥ်မင်းသားဆိုသူက မိမိဆီ လျှောက်လှမ်းလာ​သည်ကို ဝူးရှီး တွေ့လိုက်ရပေသည်။

ဘာကြောင့်ရယ်မှန်းမသိ ဝူးရှီးမှ သူ့ကို စေ့စေ့စပ်စပ် ကြည့်လာသည်နှင့်တစ်ပြိုင်နက် ကျင်ချီးမှာ ထိုဟန်ဆောင်အပြုံးမျက်နှာကို ဆက်ပြီး ထိန်းထားနိုင်စွမ်း မရှိတော့။

နန်ကျန်းမှာ လူရိုင်းများ၏ ကျက်စားနေထိုင်ရာနယ်မြေဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ ထိုဒေသတွင်နေထိုင်ကြသောသူများမှာ ယဥ်ပါးခြင်းမရှိသည့် သားရဲတိရစ္ဆာန်များနှင့်မခြား ၊  ကမ္ဘာဦးလူသားများနှယ် အရိုင်းဆန်စွာ နေထိုင်ကြသည်ဟု ဆိုကြ၏။ သူ ချဥ္းကပ်သွားသည်ကို အနှီနန်ကျန်းသားလေး မြင်လိုက်သောအခါ ထိုကောင်လေးက ဖျတ်လတ်နိုးကြားမှုအပြည့်ဖြင့် သတိကြီးစွာထားလိုက်သည်၊ ကြွက်သားများကပါ တောင့်တင်းသွားသည်ကို ကျင်ချီး တွေ့လိုက်သည် ။ ထို့နောက် ဘေးသို့ခြေလှမ်းတစ်ဝက်ရွှေ့လိုက်ကာ ကျင်ချီးကို အကဲခတ်လာ၏။ ရောက်လာသောလူသားမှာ သူ ထင်ထားသည့်အတိုင်း ကြင်နာတတ်သော၊ သူ့အား ဘေးမပြုနိုင်သောလူဟုတ်မဟုတ် ဆိုသည်ကို အကဲခတ်လေ့လာရန် ထိုကောင်လေးအတွက် အကြည့်တစ်ချက်သာ လိုပုံရသည်။

အရှင်ခုနစ် Where stories live. Discover now